ကန်ပက်လက်မြို့ စစ်ဘေးဒုက္ခသည်စခန်းမှာ လသားအရွယ်ကလေးနဲ့ သက်ကြီးရွယ်အိုသေဆုံးမှု ၁၇ ဦးရှိလာ

2022.05.31
ကန်ပက်လက်မြို့ စစ်ဘေးဒုက္ခသည်စခန်းမှာ လသားအရွယ်ကလေးနဲ့ သက်ကြီးရွယ်အိုသေဆုံးမှု ၁၇ ဦးရှိလာ ၂ဝ၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့က ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးဒုက္ခသည်များ။
Photo: Citizen Journalsit

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရရှိလို့၊ တစ်နှစ်အတွင်းမှာ လသားအရွယ် ကလေးငယ် ၇ ဦးနဲ့ သက်ကြီးအရွယ်အို ၁၀ ဦး သေဆုံးသွားပြီလို့ အကူညီပေးနေတဲ့သူတွေ ကပြောပါတယ်။

သေနတ်သံတွေ၊ လက်နက်ကြီးသံတွေအကြား မိခင်နဲ့အတူ လသားအရွယ်ကလေးငယ်တွေပါ ပြေးလွှားနေရတာကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရတာလို့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးတွေ သေတယ်။ ဘာလို့သေလဲဆိုတော့ ကြောက်လန့်လို့လည်း ပါမယ်။ ကျနော့်သမီးလည်း သေတယ်။ သိတဲ့အတိုင်းပဲ စစ်ရှောင်နေရတဲ့ နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိဘူး။ တောထဲမှာနေရတော့ အစစအရာရာလိုအပ်နေတယ်။"

သက်ကြီးရွယ်အို အဖိုး၊ အဖွားတွေဟာ တိုက်ပွဲတွေကြားထဲမှာ ပြေးလွှားရပြီး ခံနိုင်ရည်မရှိတဲ့အပြင် ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ မိုးကာတဲထိုး နေထိုင်ရပြီး၊ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့မှာ ၂၀၂၁ မေလ ၁၃ ရက်နေ့ကစပြီး စုစုပေါင်း လူဦးရေ ငါးထောင်ကျော်ဟာ တောတောင်ထဲမှာ စစ်ရှောင်နေရတာ အခုဆိုတစ်နှစ်ရှိပြီဖြစ်ပါတယ်။

ကန်ပက်လက်မြို့ပေါ်က စစ်ဘေးဒုက္ခသည်နဲ့ ကျင်ဒွေးအနားက စစ်ဘေးဒုက္ခသည် စုစုပေါင်း ၃ ရာ ကျော် ရှိပြီး ကိုယ်ဝန်ဆောင်မိခင် (၂၅) ဦး၊ နို့စို့အရွယ် ကလေးအယောက် ၇ဝ ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။