ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍကို အင်ဒိုနီးရှားအစိုးရထောက်ခံ
2010.12.15

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အစက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်လာမယ်လို့ ထင်မြင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်ခဲ့ကြောင်း၊ အဲဒီကနေ ရွေးကောက်ပွဲအပြီး တိုးတက်ပြောင်းလဲမှုတွေ ထပ်ဖြစ်လာမယ်လို့ မြင်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natategawa က ပြောပါတယ်။
အတိုချုံး ပြောရရင် မိမိတို့ အတတ်နိုင်ဆုံး အပြုသဘော တိုက်တွန်းသွားမှာက မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အာဏာပိုင်တွေ နှစ်ဖက်လုံးပါတဲ့ နိုင်ငံရေး အဖြေရှာမှုမျိုး ဖြစ်လာရေး ဖြစ်ပါတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ် Chulalongkorn University အာဆီယံ မူဝါဒရေးရာ ဆွေးနွေးပွဲတခုမှာ အခုလို ထုတ်ဖော်ပြောတာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လာမဲ့ ၂၀၁၁ ခုနှစ် အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ သဘာပတိနိုင်ငံ ဖြစ်လာမှာ ဖြစ်ပြီး၊ အာဆီယံ သဘာပတိနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မရှိမဖြစ် အရေးပါတယ်လို့ လူသိထင်ရှား ထုတ်ဖော် ပြောလိုက်တာလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အာဆီယံ သဘာပတိနိုင်ငံအဖြစ်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းလာရေး ကြိုးစားသွားမှာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြင်ပ ဘက်ပေါင်းစုံက သဘောထား မူဝါဒကွဲပြားမှုတွေလည်း အနယ်ထိုင် တည်ငြိမ်သွားမယ်လို့ ယုံကြည်ထားကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။