RCSS နဲ့ PNLO တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြောင်း JMC အဖွဲ့ပြော
2018.12.15

အပစ်ရပ်လက်မှတ်ရေးထိုးထားကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့အကြား ပဋိပက္ခတွေ ဖြစ်ပွားနေတာကို စောင့်ကြည့်နေတယ်လို့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အတွက် ကား ၁၀ စီး လှူဒါန်းတဲ့ အခမ်းအနားမှာ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က မီဒီယာတွေကို ပြောလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ နမ်းဟူးကျေးရွာအတွင်း RCSS တပ်နဲ့ မတ်ကျန်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ရွာသားတွေအကြား ပဋိပက္ခဖြစ်ပွားပြီး RCSS တပ်သားတွေ ပစ်ခတ်မှုကြောင့် ရွာသူကြီးအပါအဝင် ရွာသား ၅ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မတ်ကျန်းပြည်သူ့စစ်နဲ့ RCSS ပူးပေါင်းအဖွဲ့တွေဟာ ဒေသခံပြည်သူတွေအပေါ် အသက်၊ အိုးအိမ်စည်းစိမ်နဲ့ ဘဝလုံခြုံမှုတွေကို ခြိမ်းခြောက်နေတဲ့အပေါ် ရှုတ်ချကြောင်း PNLO က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ကြောင့် JMC ဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားပေမယ့် တပ်မတော်အနေနဲ့ ဆွေးနွေးဖို့ အဆင့်သင့် ရှိနေကြောင်း အစည်းအဝေးတွေကို ပြန်လည်တက်ရောက်ဖို့ ညှိနှိုင်းထားတယ်လို့လည်း ပြောပါတယ်။
ဒီနေ့ အခမ်းအနားကို JMC ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်နဲ့ သံရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။