၂၁ ရာစု ပင်လုံညီလာခံ လပိုင်း အတွင်း ပေါ်ပေါက်ဖို့ ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဧပြီလ ၂၇ ရက်နေ့က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင်တွေနဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  တွေ့ဆုံခဲ့စဉ်
နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဧပြီလ ၂၇ ရက်နေ့က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ် (Photo: Win Ko Ko Latt/ RFA)

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် အစီအစဉ်တွေကို တစ်လ နှစ်လအတွင်း ပြီးမြောက်အောင် ဆောင် ရွက်စေချင်ကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နဲ့ တွေ့ဆုံစဉ် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောတာဖြစ်ပါတယ်။

"ကျမတို့ကတော့ ၂၁ ရာစုနှစ် ပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက် ကျမက နှစ်ချီကြီး အချိန်မဆွဲချင်ပါဘူး၊ တစ်လ နှစ်လအတွင်းမှာတော့ ဒီအစီအစဉ်ကို ပြီးမြောက်စေချင်ပါတယ်၊ ဒါမှကျမတို့ တစ်လ နှစ်လအလိုလောက် မှာ စပြီးတော့ ငြိမ်းချမ်းရေးညီလာခံကို ကျမတို့လုပ်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်"

ဒါ့အပြင် အပစ်ခတ်ရပ်စဲရေးမှာ မပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာအောင်နဲ့ ငြိမ်းချမ်းရေး ညီလာခံကို အောင်မြင်အောင် ဘယ်လိုပုံစံ နဲ့ဆောင်ရွက်ရမလဲဆိုတာကို ဝိုင်းဝန်း စဉ်းစားပေးကြဖို့ JMC တာဝန် ရှိသူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

တဆက်တည်း မြန်မာငြိမ်းချမ်းရေးစင်တာကို ပုံစံသစ်နဲ့ ဖွဲ့စည်းဖို့ကိစ္စကိုလည်း ဆက်လက်ဆွေးနွေးဖို့ မေလ ၁၀ ရက်နေ့မှာ ဖိတ်ကြားထားတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ JMC အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါး က ပြောပါတယ်။

"သူပြောတဲ့ပုံစံကတော့ ဖြစ်နိုင်မယ်ဆိုရင် အစိုးရတစ်ခုတည်းကိုပဲ မဟုတ်ဘဲနဲ့ National Reconciliation and Peace Centre ဖြစ်စေချင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူကပြောတာပေါ့နော်၊ MPC ပဲခေါ်ခေါ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုကော်မတီ National Reconciliation and Peace Centre (NRPC) ပဲခေါ်ခေါ် အဲ့ဒီကိစ္စရယ်၊ ပြီးတော့ ငြိမ်းချမ်းရေးညီလာခံပေါ့နော်၊ ဒီဟာကို ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာကို မေလ ၁ဝ ရက်လောက်မှာ သူကတွေ့ဆုံပြီးတော့ brainstorming ပုံစံမျိုး အစည်းအဝေးတစ်ခုလုပ်ဖို့ ကျနော်တု့ိ ကို ခေါ်ဆောင်ထားပါတယ်"

အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ဦးဆောင်ဆောင်ရွက် မှာဖြစ်သလို ဒေါက်တာမျိုးဝင်းကို ဆက်သွယ်ရေးတာဝန်ခံအနေနဲ့ တာဝန်ပေးအပ်မယ်လို့ပြောသွားပါတယ်။