ဟားခါးမြို့မှာ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူမယ့်ကိစ္စ ဝေဖန်ခံနေရ
2020.07.08
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ ကျပ်သန်း ၆ဝ ကျော် အသုံးပြုပြီး လွတ်လပ်ရေး ကျောက်တိုင်၊ ဗိုလ်ချုပ် ကြေးရုပ်နဲ့ ပန်းခြံ တည်ဆောက်မယ့်ကိစ္စကို ဝေဖန်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသတွေထဲမှာ ပါဝင်တဲ့ ချင်းပြည်နယ်မှာ လွတ်လပ်ရေးကျောက် တိုင်နဲ့ ဗိုလ်ချုပ်ကြေးရုပ်အတွက် ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ဆောက်ရွက်မယ့်အစား အကူအညီ လိုအပ်နေသူတွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေမှာ အသုံးချသင့်လို့ ထောက်ပြမှုတွေ ရှိနေတာပါ။
အဲဒီကုန်ကျမယ့် ငွေတွေကို ချင်းပြည်နယ် ပလက်ဝမြို့ရောက် စစ်ဘေးဒုက္ခသည်တွေအတွက် အသုံးပြုသင့် တယ်လို့ တီးတိန် လူငယ် အထွေထွေ အတွင်းရေးမှူး ကိုမုန်နိုက ထောက်ပြပါတယ်။
“အခုက ကျွန်တော်တို့လည်း သိနေတာပဲ။ ပလက်ဝမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ ဘယ်လောက်ထိ ဒုက္ခရောက်နေလဲဆိုတာ တစ်ချက်ပြန်ပြီးတော့မှ စဉ်းစားကြည့်စေချင်တယ်။ ဒီသန်း ၆၀ လုံး ကုန်ပြီးတော့မှ ဒီလွတ်လပ်ရေးကျောက်တိုင် စိုက်ထူတာထက် စစ်ဘေးဒုက္ခခံနေရတဲ့ ပြည်သူတွေအတွက် ဒီထက်များများ ပံ့ပိုးနိုင်အောင် လုပ်ဆောင်သင့်တယ်။ ဒီလိုအချိန်မှာ လွတ်လပ်ရေး ကျောက်တိုင်တို့ ဘာတို့ စိုက်ရမယ့် အချိန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်”
တည်ဆောက်မယ့် လွတ်လပ်ရေးကျောက်တိုင်ဟာ အမြင့်ပေ ၇၅ ပေရှိပြီး အချင်းကတော့ ၁၄ ပေ ရှိပါတယ်။
ကုန်ကျငွေ သန်း ၆၀ ဟာ ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကာလ New Normal လို့ ခေါ်ကြတဲ့ လူနေမှုပုံစံသစ်မှာ လိုအပ်လာမယ့် အခြေအနေတွေအတွက် ဖြစ်သင့်တယ်လို့ ယူဆတဲ့ ဒေသခံ တွေလည်း ရှိနေပါတယ်။
“အခု ကျောက်တိုင်တွေ စိုက်တယ်။ ရုပ်တုတွေ လုပ်တာက လာလည်တဲ့လူတွေ မြင်စေချင်လို့လို့ ကျွန်တော် သဘောပေါက်တယ်။ ကိုဗစ် ၁၉ ကလည်း ဖြစ်နေတာဆိုတော့ ဘယ်သူမှလည်းလာမှာ မဟုတ်ဘူး။ အဲတော့ ဘယ်သူ့မှ ကြည့်မယ့်သူမရှိတဲ့ ရုပ်တုတွေ၊ ကျောက်တိုင်တွေ ထားမယ့်အစားတော့ ချင်းပြည်နယ်မှာ New Normal Life အတွက် ဘာမှအဆင်သင့်မဖြစ်ဘူး။ ပြင်ဆင်ထားတာတွေလည်း မရှိဘူး။ သူများနိုင်ငံတွေ မှာဆိုရင် ကိုဗစ် ၁၉ ဖြစ်ပြီး လူအချင်းချင်းတွေ့လို့ မရတဲ့ Lockdown စပြီး ကြေညာပြီး ၅ နာရီအတွင်းမှာ သူတို့ အွန်လိုင်းရောက်သွားကြပြီ။ စီးပွားရေးတွေ အွန်လိုင်းမှာ လုပ်ကြတယ်။ ပညာရေးတွေကို အွန်လိုင်းမှာ ဆက်ပြီးလေ့လာကြတယ်။ ကျွန်တော်တို့ ကိုဗစ်ဖြစ်တာ ရင်ဆိုင်လာတာ တော်တော်ကြာပြီပေါ့နော်။ တကယ်တမ်းဖြစ်တာက ၂၀၁၉ ဒီဇင်ဘာမှာ ဆိုတော့ အခု ၆ လ ၇ လ အတွင်းကို ရောက်နေပြီ။ ဆိုတော့ ကျွန်တော်တို့ ဘာတွေပြင်ဆင်နေပြီလဲပေ့ါနော်။ အဲဒါ မေးခွန်းထုတ်စရာဖြစ်တယ်”
ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုမိုက်ကယ်ဆွမ်းတ ပြောသွားတာပါ။
ဒေသခံတွေ ဝေဖန်ကန့်ကွက်ပေမယ့် ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာ အရင်က ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပန်းခြံရှိပေမယ့် လွှတ်တော်တည်ဆောက်ချိန်မှာ ဖယ်ရှားခဲ့ရတာဖြစ်တယ်လို့ ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ဆိုပါတယ်။
“ပန်းခြံပြန်အစားထိုး လုပ်မယ်ဆိုတော့ ကိုဆူဘိုလို တောင်ကို စည်ပင်ပန်းခြံအနေနဲ့ ၅ ဧက တည်ဆောက် မှာပါ။ အဲဒီဟာအတွက်ကို ကျွန်တော်က စည်ပင်ဘတ်ဂျက်ထဲထည့်ပြီးတော့ရတဲ့ ဘတ်ဂျက်ပေါ့နော်။ ကျွန်တော်တို့ ဟားခါးမြို့ပေါ်မှာရတဲ့ ဘတ်ဂျက်နဲ့ ပန်းခြံအတွက်ကို ထည့်တယ်။ အခု ကျွန်တော်တို့ မဖြစ်မနေကို လွတ်လပ်ရေးကျောက်တိုင်ကလည်း လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့ အဲလိုမျိုးတွေ အခမ်းအနား လုပ်မယ်ဆိုရင် ကျောက်တိုင်ကလည်း လိုအပ်တယ်။ အဲဒီဟာကလည်း နဂိုမူလ ဘတ်ဂျက်ထည့် ထားတာ မဟုတ်ဘူး။ စီမံကိန်းနဲ့ ဘတ်ဂျက်ထည့်ပြီး လုပ်ထားတာ မဟုတ်ဘူး။ ကျွန်တော်တို့က ၂ဝ၁၉-၂ဝ ဘတ်ဂျက်မှာ လွတ်လပ်ရေးကျောက်တိုင်တော့ ရှိသင့်တယ်။ ကျွန်တော်တို့ တည်ဆောက်မယ်။ ပန်းခြံနဲ့ လွတ်လပ်ရေးကျောက်တိုင်ကို ပိုလျှံတဲ့ ရန်ပုံငွေတွေကိုစုပြီး လိုအပ်ချက်အရ လိုတဲ့နေရမှာသုံးမယ့် သန်း ၅၀ နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ ကျန်တာကတော့ ပန်းစိုက်ဖို့အတွက် ကျွန်တော်တို့ ချယ်ရီပင်တွေ၊ ဂျပန် ချယ်ရီတွေ စိုက်မယ်ဆိုပြီး လျာထားတာ ၁၁ ဒဿမ ၆ သန်းရှိတယ်။ စုစုပေါင်း ၆၁ ဒဿမ ၆ သန်းရှိတယ် ပေါ့နော်။ လူတွေကတော့ အမြင်အမျိုးမျိုးရှိနိုင်ပါတယ်”
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ရေးလုပ်ငန်း စတင်နိုင်ဖို့ အတွက် ချင်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် အုပ်မြစ်ချ အခမ်းအနား တက်ရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ နှစ်ကလည်း ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်တာကို ဒေသခံတွေက ကန့်ကွက်ခဲ့ပေမယ့် ပြည်နယ်အစိုးရက အကောင်အထည်ဖောင် ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ကန့်ကွက်ရာမှာ ဦးဆောင်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးဟာလည်း ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချခံခဲ့ရပါတယ်။