ရခိုင်စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်

ကျော်လွင်ဦး
2019.11.26
rathedaung-refugees-622.jpg စစ်တွေမြို့နယ် အုန်ရည်ဖော်ကျေးရွာကို စစ်ဘေးကြောင့် ထွက်ပြေးရောက်ရှိလာတဲ့ ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာက ဒေသခံတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ရက္ခိုင်တပ်တော်AAနဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွား လာတာ အခုဆိုတစ်နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၉၀၀၀၀ ကျော် ရှိပြီလို့ ဒုက္ခသည်တွေစာရင်း ကောက်ယူနေတဲ့   ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ဒါကစာရင်းအတိအကျတော့မဟုတ်သေးဘူး ဘာဖြစ်လို့လည်းဆိုတော့ တစ်လကျော်ကျော်အတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်၊ မြေပြင်မှာလည်း လိုအပ်တဲ့ဟာတွေကလည်း များနေတယ်၊ ကျနော်တို့ အတတ်နိုင်ဆုံး စာရင်းကောက်ယူနေတယ်၊ လက်ရှိကောက်ထားတဲ့အရကတော့ ၉၂၅၀၀ကျော်ရှိတယ်”

နိုဝင်ဘာလအတွင်း တိုက်ပွဲတွေပြင်းထန်လာပြီး နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နဲ့  မြေပုံမြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်ရတာတွေများပြီး ရွာလုံးကျွတ်ထွက်ပြေးရတာတွေ များတယ်လို့  ပြောပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ ဒီအတွင်း တိုက်ပွဲအများဆုံးဖြစ်တဲ့ ရသေ့တောင်မြို့နယ်က အများဆုံး ဖြစ်တယ်လို့လည်း RECစာရင်းတွေအရ သိရပါတယ်။

ရသေ့တောင်မြို့နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် နှစ်သောင်းခွဲ၊ သုံးသောင်းနီးပါးပေမယ့် စစ်ဘေးရှောင်စခန်း လိုမျိုး သတ်သတ်မှတ်မှတ် မရှိတာကြောင့် အများစုဟာ နီးစပ်ရာရွာတွေက ဆွေမျိုးတွေအိမ်မှာ နေထိုင်ကြတာ များတယ်လို့ သိရပါတယ်။ ရွာနားမှာတိုက်ပွဲဖြစ်တာ၊လက်နက်ကြီးကျတာတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေး ရတဲ့ကျေးရွာ ၂၀ နီးပါးရှိတယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲ နေ့တိုင်းလိုလိုဖြစ်နေပြီး၊ စစ်ရှိန်မြင့်တာ၊ လက်နက်ကြီးတွေပစ်တာကြောင့် စစ်ဘေးရှောင်ပိုများလာတာလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  ဦးခင်မောင်လတ်ကပြောပါတယ်။

လက်နက်ကြီးတွေကျ၊ စစ်ကြောင်းတွေရောက်၊ ရွာနားမှာတိုက်ပွဲဖြစ်ရင် သူတို့ကပြေးတယ်၊ လက်နက်ကြီးကျရင် လည်း သေသွားနိုင်တာကို၊ စစ်ကြောင်းရောက်ရင်လည်း ရွာကို ဝိုင်းမေးမြန်း ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်၊ တစ်ခါတလေ ခေါ်သွားတာလည်းရှိတယ်၊ အဲတာတွေကြောက်ပြီး ပြေးကြတာ၊ အခုက အပြင်းထန်ဆုံးတိုက်ပွဲတွေ က ရသေ့တောင်မှာဖြစ်နေတာ၊ တောထဲမှာလည်း တိုက်ပွဲကမြင့်လာတယ်၊ ရေတပ်ကလည်း ပစ်တယ်၊ ဘူးသီး တောင်ဘက်လည်း ပစ်တယ်ဆိုတော့ များတဲ့သဘောဘဲ၊ စစ်ရှိန်မြင့်လာတော့ စစ်ဘေးရှောင်များတဲ့သဘောဘဲ”

လက်ရှိ ရသေ့တောင်မြို့ပေါ်ရှိတဲ့စစ်ဘေးရှောင်တွေဟာ အစိုးရထောက်ပံ့မှုနည်းတာ၊ အလှူရှင်တွေနည်းတာ ကြောင့် စားဝတ်နေရေး အခက်အခဲတွေရှိတယ်လို့ ရသေ့တောင်မြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသိန်းမောင် ကပြောပါတယ်။

လက်နက်ကြီးတွေကျ၊ စစ်ကြောင်းတွေရောက်၊ ရွာနားမှာတိုက်ပွဲဖြစ်ရင် သူတို့ကပြေးတယ်၊ လက်နက်ကြီးကျရင်လည်း သေသွားနိုင်တာကို၊ စစ်ကြောင်းရောက်ရင်လည်း ရွာကို ဝိုင်းမေးမြန်း ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်၊ တစ်ခါတလေ ခေါ်သွားတာလည်းရှိတယ်၊ အဲတာတွေကြောက်ပြီး ပြေးကြတာ၊ အခုက အပြင်းထန်ဆုံးတိုက်ပွဲတွေက ရသေ့တောင်မှာဖြစ်နေတာ၊ တောထဲမှာလည်း တိုက်ပွဲကမြင့်လာတယ်၊ ရေတပ်ကလည်း ပစ်တယ်၊ ဘူးသီးတောင်ဘက်လည်း ပစ်တယ်ဆိုတော့ များတဲ့သဘောဘဲ၊ စစ်ရှိန်မြင့်လာတော့ စစ်ဘေးရှောင်များတဲ့သဘောဘဲ”

လက်ရှိ ရသေ့တောင်မြို့ပေါ်ရှိတဲ့စစ်ဘေးရှောင်တွေဟာ အစိုးရထောက်ပံ့မှုနည်းတာ၊ အလှူရှင်တွေ နည်းတာကြောင့် စားဝတ်နေရေး အခက်အခဲတွေရှိတယ်လို့ ရသေ့တောင်မြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသိန်းမောင်ကပြောပါတယ်။

အများဆုံးက အစိုးရထောက်ပံ့တာ တစ်ယောက်ကို သုံးရာပဲ

အစိုးရဆီကလည်းနည်းနည်း၊ ဟိုက လာလှူကြ၊ ဒီက လာလှူကြတယ် အခက်အခဲတော့ရှိတာပေါ့၊ ဘယ်လောက် မလဲ၊ စားဝတ်နေရေးအခက်အခဲရှိတာပေါ့၊ အများဆုံးက အစိုးရကထောက်ပံ့တာ တစ်ယောက်ကို သုံးရာပဲ

လက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးမယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီမှာ  ခွင့်ပြုချက်ယူပြီးမှ လှူရတဲ့ ကန့်သတ်ချက်တွေရှိတာကြောင့် အခက်အခဲတွေရှိတယ်လို့လည်း ကူညီပေးသူတွေ ကပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကတော့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးတွေဆီကနေ စာရင်း ကောက်ယူပြီး စာရင်းထဲရှိသူတွေကို ထောက်ပံ့နေတယ်လို့  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။

ဆန်ရိက္ခာတွေ အမြဲပံ့ပိုးနေတယ်၊ ဒီလိုလည်းဖြစ်နိုင်ပါတယ်၊ ရုတ်တရက်ဝင်လာတဲ့အခါမှာ သတင်းပို့တာတွေ နောက်ကျတဲ့အခါမှာလည်း အဲလို့ခေတ္တယာယီ အခက်အခဲဖြစ်သွားတာဖြစ်ပါလိမ့်မယ်”

ဒီလို့စစ်ဘေးဒုက္ခသည်တွေ တဖြည်းဖြည်းများလာတာဟာ တပ်မတော်က ရွာတွေထဲလက်နက်ကြီးပစ်တာ၊ စစ်ကြောင်းတွေလာရင် ခေါ်ယူစစ်ဆေးတာတွေကြောင့် ရွာတွေထဲမနေရဲဘဲ ထွက်ပြေးရလို့ များလာတာလို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။

ရွာသားတွေ သူတို့ရွာထဲ မနေရဲတဲ့ အဓိကအကြောင်းအရင်းက ဗမာစစ်တပ်ဘက်က စစ်ဗျူဟာ အခြေချ ဗျူဟာတွေချပြီးတော့ ဗျူဟာစခန်းတွေကနေ အနီးနားမှာရှိတဲ့ကျေးရွာတွေကို အမြဲတမ်းလက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားပြီး ပစ်ခတ်နေတာတွေရှိတယ်၊ သူတို့မထင်ရင် မထင်သလို နေ့ရော ညရော ပစ်ခတ်နေတဲ့အခါ ကျတော့ ရွာသားတွေကလည်း မနေရဲတော့ဘဲ ထွက်ပြေးနေကြတာ”

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို  မေးမြန်းရာမှာတော့ အခုလို တုံ့ပြန်ပြောဆိုပါတယ်။

သောင်းကျန်းသူနဲ့ မဆက်သွယ်ဘူးဆိုရင် ကျနော်တို့က ဝင်စစ်စရာအကြောင်းမရှိဘူး၊ ဝင်လည်းမစစ်ဘူး၊ အလားတူပဲ တိုက်ပွဲတွေလည်း ရွာနားမှာ မဖန်တီးနဲ့လေ ရွာဝန်းကျင်နား ဖန်တီးရင် သူပစ်ကိုယ်ပစ်ရင် အဲရွာကတော့ တိုက်ပွဲရဲ့ဒဏ် ခံရမှာဘဲလေ၊ အဲကြောင့် AA ပေါ်မူတည်တယ်ပြောတာ၊ AAသည်ရွာကိုအခြေခံပြီး တိုက်ပွဲမဖော်နဲ့”

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက် အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။

AA နဲ့ဆက်စပ်တယ်ဆိုပြီး အရပ်သား ၂၀၀ ကျော်ကိုလည်း တပ်မတော်က တရားစွဲဆိုတာ၊ ဖမ်းဆီးထောင်ချ တာတွေရှိတယ်လို့ အရပ်ဖက်အဖွဲ့တွေ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။