၀င်ငွေခွန် လျှော့မှု ပြည်ပရောက်မြန်မာတွေ ကြိုဆို
2011.08.19

(Image: RFA)
စင်္ကာပူနိုင်ငံမှာ ပညာသင်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီး တဦးက အရင်က အလုပ်လုပ်ခွင့် အမျိုးအစား ကိုလိုက်ပြီး ဝင်ငွေခွန် စင်္ကာပူ ဒေါ်လာ ၁၂၀ အထိ ဆောင်ခဲ့ရကြောင်း၊ အခု အမိန့်အရ ၂ ရာခိုင်နှုန်းသာ ဆောင်ရမယ် ဆိုရင် လျော့သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမို ကရေစီကွန်ယက် အဖွဲ့ ပြောခွင့်ရ ဦးသန်းဆွေက အခွန် ဆောင်သူတွေ အတွက် ဝမ်းသာစရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကင်းလွတ် ကာလ ၆ လ နောက်ပိုင်း နောက်ဆက်တွဲ ဘာတွေ ရှိနေမလဲ ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
“ဒါမျိုးလျှော့ပေါ့ ပေးမယ်ဆိုရင် ဝမ်းသာ ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဝင်ငွေခွန်ကို ၆ လ အတွင်း လျှော့ပေါ့ ပေးလိုက်တဲ့ ဟာက ရည်ရွယ်ချက် တခုခုများ ရှိမလားလို့ ဆိုလိုတာက ဒီ ၆ လ အတွင်းမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ နောက်တခါ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ စသဖြင့်ပေါ့လေ၊ ကျတော်တို မသိတဲ့ ကိစ္စတွေ ရှိနေ မလားလို့၊ ဘာဖြစ်လို့လဲ ဆိုတော့ ကောက်ခါငင်ခါကြီး လျှော့ပေးလိုက်ပြီး နောက်မှာ ပြန်တက်မယ် ဆိုရင် တမျိုး စဉ်းစားစရာများ ဖြစ်နေ မလားလို့ ထင်တယ်”
မြန်မာအစိုးရ ဘဏ္ဍာရေးနဲ့ ဝန်ကြီးဌာနက အခွန်ငွေ လျှော့ပေါ့ သတ်မှတ်ခြင်း ဆိုင်ရာ အမိန့် ကြော်ငြာစာ အမှတ် ၁၅၇/၂၀၁၁ ကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။