တစ်နှစ်ဝင်ငွေ သိန်း ၆၀ အထက်ရှိသူတွေ ဝင်ငွေခွန်ဆောင်ရမည်
2018.02.28

တစ်လမှာ ဝင်ငွေကျပ် ငါးသိန်းအထက်နဲ့ တစ်နှစ်မှာ ငွေကျပ် သိန်း ၆၀ အထက်ရှိသူတွေ ဝင်ငွေခွန်ဆောင်ရမယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ဒီနေ့ ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တင်ပြခဲ့ပါတယ်။
ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ တေ့ွရှိချက် အစီရင် ခံစာနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက အခုလို ပြောပါတယ်။
"အရင်တုန်းက လစာ ၄၈ သိန်းအထိရတဲ့လူတွေ ဝင်ငွေအခွန် ပေးဆောင်စရာမလိုဘူး၊ အခု လစာဝင်ငွေ သိန်း ၆ဝ အထိရတဲ့လူတွေ ဆောင်စရာမလိုဘူး၊ သိန်း ၆၁ ကျပ်ရမှ ဝင်ငွေအခွန်ဆောင်ရမယ်၊ ပျဉ်းမခြင်း ပြောမယ် ဆိုရင် တစ်လ ၅ သိန်းရတဲ့လူတွေ ဝင်ငွေခွန် ပေးဆောင်စရာ မလိုတော့ပါဘူး"
အရင်က တစ်လမှာ လစာဝင်ငွေ ကျပ်လေးသိန်းအထက်၊ တစ်နှစ်လုံးမှာ ၄၈ သိန်း ဝင်ငွေရှိသူတွေက ဝင်ငွေခွန် ဆောင်ရမှာဖြစ်ပြီး အခုအချိန်မှာ ဖြေလျှော့လိုက်တာဖြစ်တယ်လို့ ဦးအောင်မင်းက ပြောပါတယ်။
အဲဒီလို လျှော့ပေါ့လိုက်တဲ့အတွက် ပြည်သူတွေ ဖိစီးမှုနည်းသွားမယ်လို့လည်း ဆိုပါတယ်။
အခွန်နှုန်းထား လျှော့ပေါ့လိုက်တဲ့အတွက် လျှော့နည်းသွားတဲ့ အခွန်ဝင်ငွေတွေအတွက် ကုန်သွယ်လုပ်ငန်းခွန်ကနေ ဖြည့်ဆည်းမယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်း ကို လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။