အကျဉ်းကျနေတဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် ဆေးကုသမှုခံယူရ

RFA Burmese
2024.11.13
အကျဉ်းကျနေတဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် ဆေးကုသမှုခံယူရ NLD အစိုးရ လက်ထက်တွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ဦးဘိုဘိုငယ်။
Citizen Photo

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ဟာ အစာအိမ်၊ အူလမ်းကြောင်း ရောင်ရမ်းတာကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မန္တလေး အိုးဘိုထောင်ကနေ မန္တလေး ဆေးရုံကြီးကို သွားရောက် ဆေးကုသမှုခံယူခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဘိုဘိုငယ်ဟာ လုံခြုံရေးအစောင့်အကြပ်အများအပြားနဲ့ မန္တလေးဆေးရုံကြီးမှာ ခဏတာ ဆေးကုသမှုခံယူခွင့်ရခဲ့ပြီး အဲဒီနေ့မှာပဲ အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ထောင်တွင်းမှာ မသန့်ရှင်းတဲ့ အစားသောက်တွေကို ကျွေးတာကြောင့် အခုလို အစာအိမ် ရောင်ရမ်းတာတွေ ဖြစ်လာတာလို့ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ (FPPS) ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကို ပြောပါတယ်။

“ကျွေးတဲ့ မွေးတဲ့ ထောင် ထမင်း၊ ထောင်ဟင်းက အစာမကြေနိုင်တဲ့ဟာတွေပေါ့။ အဲဒီမှာတင် အစာအိမ် အူလမ်းကြောင်း ရောင်လာတာပေါ့။ သူတို့က အပြင်ဆေးရုံထုတ်ဖို့ကို အချိန်အတော်ယူပြီးမှ ထုတ်ပေးတာ။ အခုလည်း မရှူနိုင် မကယ်နိုင် ဖြစ်တဲ့အချိန်မှ အပြင်ဆေးရုံကို ထုတ်ပြီး ကုသပေးတာပေါ့။ ဆေးရုံပြပြီး အထဲကို ပြန်ထည့်ထားတယ်”

ဦးဘိုဘိုငယ်ရဲ့ ရောဂါနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကို စစ်ဆေးနိုင်ဖို့ ဆေးရုံကနေ ဘယ်နေ့မှာ ရက်ချိန်း ပြန်ပေးထားတယ်ဆိုတာတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဦးဘိုဘိုငယ်ကို စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒ ပုဒ်မ-၅၅ နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတာ ဖြစ်ပါတယ်။

ဆေးကုသမှု ခံယူနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့သလို နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်လည်း ဆေးကုသနေရင်း ကွယ်လွန်ခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။