ထားဝယ်ထောင်မှာ ကျန်းမာရေးဆိုးရွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်မရ
2024.01.09
တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသခွင့် မရတာကြောင့် ကျန်းမာရေးဆိုးရွားနေတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေး အကျဥ်းသားများကွန်ရက်က ပြောပါတယ်။
ပုဒ်မ ၅၂ (က)၊ ၅၀၅ (က) တို့နဲ့ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံထားရတဲ့ ဦးထွန်းဝေဟာ မျက်လုံးတိမ်စွဲရောဂါကုသဖို့ ထောင်အာဏာပိုင်တွေကို တင်ပြပေမယ့် ခွင့်ပြုချက်မရ တာကြောင့် မျက်လုံးကွယ်လုနီးပါး ဖြစ်နေပြီလို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“သူက အဖမ်းမဖမ်းခံရင်မှာ မျက်လုံးနဲ့ပတ်သက်တဲ့ ရောဂါမရှိဘူး။ ထောင်ထဲရောက် တော့ မျက်လုံးတိမ်စွဲတဲ့ ရောဂါစဖြစ်တယ်။ သူ့ကို လူတွေက လာနှုတ်ဆက်ရင် ဘယ်သူဘယ်ဝါဆိုတာ မသိတော့ဘူး။ ကောင်းကောင်း မမြင်ရတော့ဘဲနဲ့ အလင်းရောင် တွေလောက်ပဲ မြင်တော့တယ်။ မျက်လုံးနှစ်လုံးစလုံး မျက်အိမ်က အဖြူရောင် ဖြစ်နေ ပြီလို့ သိရတယ်”
ဦးထွန်းဝေဟာ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ရောဂါဝေဒနာ ဆိုးရွားလာတာဖြစ်ပြီး နောက်ထပ် အသက် ၃၀ ဝန်းကျင် နိုင်ငံရေးအကျဉ်းသူတစ်ဦးလည်း လည်ပင်းအကျိတ် ဖြစ်နေတဲ့ရောဂါအတွက် ဆေးကုသခွင့်မရဘူးလို့ ဆိုပါတယ်။
အသက် ၅၇ နှစ်အရွယ် ဦးထွန်းဝေဟာ ၂၀၂၁ ခုနှစ်က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် မှာ ဖမ်းဆီးခံလိုက်ရတာပါ။
ထားဝယ်ထောင်တွင်းမှာရှိတဲ့ တစ်ခုတည်းသော ဆေးပေးခန်းကလည်း ဖျားနာရင်တောင် လုံလောက်တဲ့ဆေးဝါး မပေးနိုင်တာကြောင့် မိသားစုတွေဆီကနေ ဆေးမှာနေရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလည်း လောင်းလုံးမြို့နယ်၊ ဟင်းချိုတောရွာက အသက် ၄၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးကျော်သိန်းဟာ အမောဖောက်လို့ ထောင်တွင်းဆေးခန်းမှာ ကုသရာကနေ အခြေအနေ ဆိုးရွားလာတာကြောင့် ပြင်ပဆေးရုံ ကိုပို့ချိန်မှာပဲ သေဆုံးခဲ့ပါတယ်။
ထားဝယ်ထောင်မှာ အကျဉ်းသားတစ်ထောင်ကျော် ရှိတဲ့အနက် နိုင်ငံရေးအကျဉ်းသား လေးရာခန့်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေ သူတွေက ပြောပါတယ်။
အကျဉ်းထောင်တွင်း ဆေးဝါးကုသမှု အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ မရှိပါဘူး။
၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။