ပုဏ္ဏားကျွန်းမှာ ဝမ်းပျက်ဝမ်းလျှောမှုကြောင့် သုံးဦးသေဆုံး၊ လူတစ်ရာခန့် အရေးပေါ် ဆေးကုသရန်လိုအပ်နေ

RFA Burmese
2024.05.02
ပုဏ္ဏားကျွန်းမှာ ဝမ်းပျက်ဝမ်းလျှောမှုကြောင့် သုံးဦးသေဆုံး၊ လူတစ်ရာခန့် အရေးပေါ် ဆေးကုသရန်လိုအပ်နေ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်သုံးဦး သေဆုံးခဲ့သလို ရောဂါကူးစက်ခံထားရတဲ့ နောက်ထပ်ဒုက္ခသည် တစ်ရာခန့်လည်း အရေးပေါ်ဆေးကုသဖို့ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက မေလ ၂ ရက်နေ့မှာ ပြောပါတယ်။

သောက်သုံးရေ မသန့်ရာကနေ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတာဖြစ်ပြီး ဆေးဝါးတွေပြတ်လပ်နေသလို ဆေးကုသဖို့အတွက်လည်း ငွေကြေးအခက်အခဲဖြစ်နေတာလို့ အထက်မြတ်လှဲဒုက္ခသည်စခန်းတာဝန်ခံ ဦးအောင်မြင့်က RFA ကို ပြောပါတယ်။

“အခု ဒုက္ခသည်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ တစ်ရာကျော်လောက်ရှိတယ်။ ကလေးတွေရော၊ လူကြီးတွေရော အားလုံးဖြစ်နေကြတာပဲ။ သေသွားတာက သုံးယောက်ရှိပြီ။ အရေးပေါ်ဆေးကုသဖို့လို အပ်နေပါတယ်။ အခုရက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ အဓိကတော့ ရေကြောင့်ပဲ။ ပြီးရင် ဆေးကုဖို့ ပိုက်ဆံမရှိဘူး။ ဆေးတွေလည်းမရှိဘူး။ အတော်အခက်အခဲဖြစ်နေကြပါတယ်”

ဧပြီလကစလို့ ရာသီဥတုပူပြင်းမှုနဲ့အတူ သောက်သုံးရေပြတ်လပ်ခဲ့တာကြောင့် မသန့်ရှင်းတဲ့ရေတွေကို ဒုက္ခသည်တွေ သောက်သုံးခဲ့ရတာလို့ သူက ဆိုပါတယ်။

မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် အိမ်ထောင်စု ၁၃၀ ကျော်ရှိပြီး လူဦးရေ ခုနစ်ရာကျော် နေထိုင်ပါတယ်။

ရောဂါဖြစ်ပွားမှုတွေအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း မရတော့တာကြောင့် စားနပ်ရိက္ခာအတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒီဒုက္ခသည်စခန်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်းက ရွာတချို့မှာလည်း သောက်သုံးရေကန်တွေ ခန်းခြောက်နေလို့ သောက်ရေပြတ်လပ်နေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြားရောဂါဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒုက္ခသည်တွေတိုးလာသလို ပြည်နယ်အဝင်အထွက် ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးလည်း ပိတ်ဆို့ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။