အိုင်အယ်အိုအရာရှိက လယ်သမားများကိုတွေ့ဆုံမေးမြန်း
2010.12.20

အောင်လံမြို့နယ်အတွင်း အဓမ္မစေခိုင်းမှုပြသနာ၊ သကြားစက်ရုံအတွက် လယ်မြေတွေအသိမ်းခံထားရတဲ့ကိစ္စ၊ ကပစ ၅ စစ်လက်နှက်ပစ္စည်း စက်ရုံအတွက် စစ်တပ်က လယ်ယာမြေအမြောက်အမြား သိမ်းဆည်းခံထားရတဲ့ စတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ သူတွေ လယ်သမားတွေကို တွေ့ဆုံခဲ့ပါတယ်။
အခုလိုသွားရောက်တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပီး အိုင်အယ်အို ညှိနှိုင်းရေးအရာရှိ မစ္စတာစတိဗ် မာရှယ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။
ကျွန်တော့အနေနဲ့ လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံခဲ့တာ မှန်ပါတယ်၊ သူတို့ရဲ့ နစ်နာချက်တွေ၊ တိုင်တန်းထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သွားရောက် စုံစမ်းလေ့လာတာပါ။ အဓမ္မ အလုပ်စေခိုင်းခံရမှု ပြသနာတွေအပြင်၊ လယ်ယာမြေကိစ္စတွေလည်း ပါဝင်ပါတယ်။ အချို့ ပြဿနာဖြေရှင်းဆဲ ကိစ္စတွေ ပါဝင်သလို အချို့ကတော့ အသစ်ထပ်မံတိုင်ထားတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။ လယ်သမား အများအပြားကို တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်လို မစ္စတာစတိဗ် မာရှယ်က RFA ကို ပြောဆိုခဲ့ပါတယ်။
မစ္စတာ စတိဗ် မာရှယ် သွားရောက်တွေ့ ဆုံခဲ့တဲ့ လယ်သမားတွေထဲမှာ စမ်းကလေးကျေးရွာက လယ်သမားတွေလည်း ပါဝင်ပါတယ်။ စမ်းကလေးကျေးရွာ တရွာတည်းမှာတင် လယ်သမား ၅၀ လောက် မစ္စတာစတိဗ် မာရှယ်နဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။
စမ်းကလေးကျေးရွာက ကိုသက်က အခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ ဒီ စမ်းကလေးက စမ်းတောင် ၃၉ C ကွင်းမှာ ပြန်လည် လုပ်စားခွင့် မရရှိတဲ့ တောင်သူ ၁၀ ဦး ကျန်နေတယ်။ အဲဒီ ၁၀ ဦးနဲ့ အဓိက ထားပြီး တွေ့သွားတယ်။ လယ်သမားတွေကတော့ ခု ကျွန်တော်တို့ ဒီ သူတို့တွေ လုပ်စားခွင့် မရသေးဘူးပေါ့။ အဲဒါကိုပဲ အထူးထားပြီး တင်ပြတာပေါ့။ သူကတော့ ဒီ ကိစ္စကို အစိုးရနဲ့ ဆွေးနွေးမယ်လို့ သူကတော့ ပြောသွားတယ်။”
စမ်းတောင် ၃၉ C ကွင်းက လယ်ယာမြေတွေကို သကြားစက်အတွက် သိမ်းယူခံခဲ့ရပြီး၊ လယ်သား ၁၀ ဦး ပိုင်တဲ့ လယ်မြေဧက ၇၀ လောက်ဟာ ဒီကနေ့အထိ ပြန်မရသေးတဲ့အတွက် အိုင်အယ်အိုကို တိုင်တန်းထားပါတယ်။
ဒါ့အပြင် အိုင်အယ်ကို အဓမ္မ လုပ်အားပေးခိုင်းစေတဲ့ကိစ္စ တိုင်တန်းတဲ့အတွက် ဖမ်းဆီး ထောင်ချခံထားရသူတွေရဲ့ မိသားစုဝင်တွေကိုလည်း မစ္စတာစတိဗ် မာရှယ်က တွေ့ဆုံခဲ့ပါတယ်။
အောင်လံက ကိုဇော်ဌေး မိသားစု၊ ညောင်ပင်ဝိုင်းက ကိုဌေးအောင် မိသားစု၊ တပိုးကျေးရွာက ဦးဉာဏ်မြင့် မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အိုင်အယ်အို အဖွဲ့ချုပ်အနေနဲ့ ဒီ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကိစ္စတွေကို မိသားစုဝင်တွေကို ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။