မြန်မာအိမ်ဖေါ်များ ကိစ္စ အိုင်အယ်လ်အို ဆွေးနွေး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်နိုင်ရေး ကိစ္စ နဲ့ အိမ်ဖေါ် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

2011.06.17
girl_workers_305px.jpg မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
(Photo: AFP)

ထိုင်းနိုင်ငံ အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ လွတ်လပ်စွာ သွားလာခွင့် မိမိတို့ပိုင်ဆိုင်တဲ့ နိုင်ငံကူး လက်မှတ် လက်ဝယ် ကိုင်ဆောင်ထားနိုင်ခွင့် အပတ်စဉ် အားလပ်ရက် ရရှိခွင့် တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်ခွင့် အထူးသဖြင့် အမျိုးသမီး အလုပ်သမားတွေ သားဖွားတဲ့ အခါမှာ ကုန်ကျစားရိတ် နည်းပါးရေး အတွက် နှစ်စဉ် ကျန်းမာရေး စောင့်ရှောက်မှု စားရိတ် ပေးဆောင်ထားရင် သက်သာနိုင်တဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက ပြောပါတယ်။

တချိန်တည်းမှာပဲ မနေ့က အိုင်အယ်လ်အို ညီလာခံကနေ အိမ်ဖေါ် အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်မယ့် ပြဌာန်းချက် တရပ် ချမှတ်ခဲ့ပါတယ်။ အဲဒီ ပြဌာန်းချက်ကိုလည်း ထိုင်းနိုင်ငံက ထောက်ခံကြောင်း မဲပေးခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အိမ်ဖေါ် အလုပ်သမားတွေဟာ ရပိုင်ခွင့်တွေ ရဖို့ဆိုရင် ထိုင်းအစိုးရ အနေနဲ့ လက်မှတ်ရေးထိုးပြီး ထိုင်းပြည်တွင်း အလုပ်သမား ဥပဒေကိုလည်း ပြင်ဆင်ဖို့လိုအပ်နေသေးကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့တရားဝင် မှတ်ပုံတင်နိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ရင် သူတို့အတွက် လုံခြုံရေး နဲ့လုပ်ခ လစာလည်း ထိုင်းနိုင်ငံက သတ်မှတ်ချက် အတိုင်း ရရှိလာနိုင်မှာ ဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး အစည်းအဝေး တက်ရောက်ခဲ့တဲ့ အိုင်အယ်လ်အို အပါအဝင် ကျန်တဲ့ နိုင်ငံတကာ အဖွဲအစည်းတွေက ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။