မြန်မာအစိုးရကို ILO စောင့်ကြည့်နေမည်

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ILO က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

2011.06.17
factory_workers_305_z.jpg ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒါ့ပြင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်သွားဖို့အတွက် မြန်မာအစိုးရကို အချိန် ၁၂ လ သက်တမ်း တိုးပေးလိုက်ကြောင်းလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ဇွန်လ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။

မြန်မာအစိုးရဟာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းမယ်လို့ ကတိပေးနေပေမယ့် ILO အနေနဲ့ကတော့ လာမယ့် နိုဝင်ဘာလ အထိသာ အချိန်ပေးထားကြောင်း ILO ရဲ့ အကြိမ် ၁ဝဝ မြောက် ညီလာခံမှာ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB ကိုယ်စားလှယ် ဦးဇာနည်သွေးက ပြောပြပါတယ်။

“လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ အတိအကျ ထည့်သွင်းဖော်ပြဖို့၊ ဒီဥပဒေကို အတိအကျ လေးစားလိုက်နာဖို့၊ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ခွင့်ကိုလည်း တိတိကျကျ ထုတ်ပြန်ဖြန့်ဝေဖို့နဲ့ အဲဒီ တိုးတက်မှု အခြေအနေတွေကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ တင်ပြရမှာ ဖြစ်ပါတယ်”

အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု၊ ကလေးစစ်သား စုဆောင်းမှုနဲ့ တောင်သူလယ်သမားတွေရဲ့ မကျေနပ်မှုတွေကိုလည်း ရန်ကုန်အခြေစိုက် ILO ရုံးကို လွတ်လပ်စွာ တိုင်ကြားခွင့် ရှိရမယ်ဆိုပြီး ILO ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ILO ရဲ့ ဆုံးဖြတ်ချက် အပြည့်အစုံကို ဦးဝင်းနိုင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။