လူတစ်ထောင်မှာ (၃) ယောက် အဓမ္မ ခိုင်းစေခံနေရ
2012.05.31

လေ့လာချက်တွေအရ တစ်ကမ္ဘာလုံးမှာ အဓမ္မ အလုပ်လုပ် ခိုင်းခံနေသူပေါင်း သန်း (၂၀) နဲ့ (၉) သိန်း ရှိနေပြီး၊ သူတို့ဟာ အတင်းအဓမ္မ ခြိမ်းခြောက်ခံရတာ၊ လိမ်လည်လှည့်ဖျား ခံရတာတွေအောက်က မလွတ်မြောက်နိုင်ဘဲ ဆက်လက် လုပ်ကိုင် နေကြရတယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ တစ်ကမ္ဘာလုံးက လူတစ်ထောင်မှာ (၃) ယောက်နှုန်း အဓမ္မ ခိုင်းစေခံနေရတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒီ (၂၁) သန်းနီးပါးရဲ့ (၁၉) သန်းနီးပါးက ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတာပါ။
အဲဒီထဲက ( ၄) သန်းခွဲက လိင်လုပ်ငန်းမှာ လုပ်ကိုင်နေကြရပြီး၊ (၁၄) သန်းကျော်က စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အိမ်ဖော်လုပ်ငန်းနဲ့ စက်ရုံတွေမှာ ဖြစ်ပါတယ်။
အကျဉ်းထောင်လိုမျိုး အစိုးရနဲ့ ပတ်သက်တဲ့ နေရာတွေမှာ အဓမ္မ ခိုင်းစေခံနေရသူပေါင်းက (၂) သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာ အစိုးရစစ်တပ် သို့မဟုတ် လက်နက်ကိုင်သူပုန်တွေရဲ့ အဓမ္မ ခိုင်းစေခံနေရသူတွေလည်း ပါဝင်ပါတယ်။
(၂၁) သန်းနီးပါးထဲက (၅) သန်းခွဲဟာ အသက် (၁၈) နှစ်အောက်လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ILO စာရင်းအရ အဓမ္မ ခိုင်းစေခံနေရသူ အများဆုံးက အာရှ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေဖြစ်ပြီး (၅၆) ရာနှုန်း ရှိပါတယ်။ အာဖရိကတိုက်က ဒုတိယ၊ လက်တင်အမေရိက က တတိယနေရာတွေမှာ အသီးသီး ရှိကြပါတယ်။