ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်
2025.03.16

မန္တလေး၊ ကရင်၊ မွန်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မတ်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်အထိ နှစ်ရက်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင် (၁,၉၇၄,၂၈၃,၁၈ ၄) တန်ဖိုးရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ မတ်လ ၁၆ ရက်နေ့ ဒီနေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံ စက်မှုဇုန်အနီးက မော်တော်ယာဉ် (၁၈) စီးပေါ်ကနေ စာရွက်စာတမ်း အထောက်အထားမပြနိုင်တဲ့ လူသုံးကုန်နဲ့ လုပ်ငန်းသုံးပစ္စည်းအမျိုးပေါင်း ခြောက်ဆယ်ကျော် ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက စစ်ဆေးရေး ဂိတ်တွေကနေလည်း အထောက်အထားမပြနိုင်တဲ့ ကျောက်စိမ်း၊ သစ်၊ လူသုံးကုန်နဲ့ စားသောက်ကုန် ကုန်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် ပိုစစ်ဆေးလာပြီး ဝယ်ယူလာတဲ့ ပစ္စည်းတွေရဲ့ အထောက်အထား စာရွက်စာတမ်းမပြနိုင်ရင် ဖမ်းဆီးတယ်လို့ မန္တလေးကနေ တောင်ကြီးကို ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ကျွဲတပ်ဆုံပေါ့ဗျာ။ စစ်ဆေးတာ တအားကြမ်းတယ်။ စာရွက်စာတမ်း မပြနိုင်ရင် ပစ္စည်းတွေသိမ်းတယ်။ သယ်လာတဲ့ ကားပါဖမ်းသွားတာ။ ကားတွေ အချိန်အကြာအကြီး စောင့်ရတယ်ဆိုတာ အဲဒါကြောင့်။ အဖွဲ့စုံနဲ့ကို စစ်နေတာ”
စစ်ကောင်စီဟာ တရားမဝင် ကုန်စည်တိုက်ဖျက်ရေးကို အခုနှစ်အတွင်းမှာ ပိုလုပ်လာပြီး သတင်းပေးသူတွေကိုပါ ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတန်ဖိုးရဲ့ ၂၀ ရာခိုင်းနှုန်းကို ဆုကြေးငွေအဖြစ်ပေးမယ်လို့ သတင်းစာတွေကနေ မကြာခဏ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း နိုင်ငံတစ်ဝန်းမှာ လူသုံးကုန်နဲ့ စားသောက်ကုန် အပါအဝင် တရားမဝင် ကုန်စည်တင်ပို့မှု ၉၆ မှုအထိ အမှုဖွင့်လှစ်ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုးငွေ ကျပ် ၅၄၉၃ ဒသမ ၂၂၄ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။