တရားမဝင် တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့
2017.09.03
ကချင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ ၃ နှစ်တာကာလအတွင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား သုံးရာကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြော ပါတယ်။
အဲဒီတရားမဝင် ဝင်လာသူတွေထဲမှာ ဝိုင်းမော်မြို့နယ်အတွင်း ၂၀၁၅ ခုနှစ်က တရားမဝင် သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကို ယာဉ်စက်ယန္တရားတွေနဲ့အတူ အုပ်စုလိုက် ဖမ်းဆီးရမိမှုဟာ အရေအတွက် အများဆုံးဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး က ပြောပါတယ်။
"ကျနော်တို့ ၂၀၁၅ ၊ ၂၀၁၆ ၊ ၂၀၁၇ သုံးနှစ်စုထားတဲ့ အမှုမှာတော့ ဒီ အမှုပေါင်း ၃၄ မှု ဖြစ်ပွားခဲ့ ပြီးတော့မှ နိုင်ငံခြားသား တရုတ်နိုင်ငံခြားသား ၃၄၈ ယောက် အရေးယူ အပြစ်ပေးခဲ့ပါတယ်။ အဲဒီထဲ မှာ ဝိုင်းမော်က၂၈၃ ယောက်၊ မြစ်ကြီးနားက ၂၅ ယောက်၊ ဗန်မော်က ၉ ယောက်နဲ့ မိုးညှင်းက ၃၁ ယောက်တို့ဖြစ်ပါတယ်။ ဝိုင်းမော် ၂၈၃ ယောက်ဆိုတာ အဲဒီအချိန်အခါတုန်းက လေကြောင်း ကင်းထောက်တွေနဲ့ ဖမ်းဆီးရမိတဲ့ သစ်ခိုးတဲ့အမှုတွေ၊ ၆ (၁) နဲ့ ကျနော်တို့ အမှုဖွင့်အရေးယူတဲ့ အမှုတွေ၊ အ ပ က ၃ နဲ့ ပြောင်းလဲပြီးတော့ဖွင့်တဲ့အမှုတွေ အဲဒီအရေအတွက်တွေများပါတယ်"
အဲဒီအရေအတွက်ဟာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူခဲ့တဲ့အရေအတွက် ဖြစ်ပြီး မဖမ်းဆီးနိုင်ခဲ့သူတွေလည်း ရှိနိုင်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေ ကပြောပါတယ်။
တရုတ်နိုင်ငံသားတွေဟာ နည်းမျိုးစုံ နဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး တရားမဝင် သစ်ခိုးထုတ်တာ ၊ ကျောက်စိမ်း၊ ရွှေ၊ ပယင်းစတဲ့ သတ္တုတူးဖော်မှုတွေ လုပ်ဆောင်ချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုဖမ်းဆီးရမိသူတွေကို ထောင်ဒဏ် ၆ လကနေ ၅နှစ်အထိ ဒါမှမဟုတ် ငွေဒါဏ် သို့မဟုတ် ထောင်ဒဏ် နဲ့ ငွေဒဏ် တပေါင်းတည်း ပြစ်ဒဏ်ချမှတ်နိုင်တဲ့ လဝက ဥပဒေပုဒ်မ ၁၃ (၁) နဲ့ အများဆုံးအရေးယူလေ့ရှိတယ်လို့ သိရပါတယ်။