ICJ မှာ ကြားနာတဲ့အခါ စစ်ကောင်စီကို တက်ခွင့်မပြုဖို့ NUG တင်ပြထား

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို လာမယ့်သီတင်းပတ်အတွင်း ကြားနာတဲ့အခါ စစ်ကောင်စီကို တက်ရောက်ခွင့်ပြုခဲ့ရင် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုရာ ရောက်လိမ့်မယ်လို့ ရိုက်တာသတင်းမှာ မနေ့က ဖော်ပြထား ပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားနာပွဲကို စစ်ကောင်စီအနေနဲ့ Onlineက တဆင့်တက်ရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ICJ အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့အညီ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို သတ်မှတ်ထားပြီး စစ်ကောင်စီကို အသိအမှတ်ပြုမထားကြောင်း တရားရုံးကို တင်ပြထားပါတယ်။
စစ်ကောင်စီကို နိုင်ငံတွင်းက ပြည်သူတွေကရော အပြည်ပြည်ဆိုင်ရာကပါ အသိအမှတ်မပြုဘူးလို့လည်း သုံးသပ်သူတွေက ထောက်ပြဝေဖန်နေကြပါတယ်။