သေဒဏ်ပေးမှုကို အလွန်စိတ်ပျက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်ပြော

ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ လေးဦးကို ကွပ်မျက်မှုအပေါ် အာဆီယံအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချပြီး အလွန် စိတ်ပျက်မိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇူလိုင်လ ၂၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ စစ်ကောင်စီရဲ့ သေဒဏ်ပေးမယ့်ကိစ္စကို ပြန်လည်စဉ်းစားပြီး သူတို့ကို လက်တွေ့မကွပ်မျက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ မြန်မာနိုင်ငံကို လာရောက်စဉ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေတ္တာရပ်ခံခဲ့တာပါ။
(၅၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအစည်းအဝေး မတိုင်မီ တစ်ပတ်အလိုမှာ အခုလို သေဒဏ် စီရင်လိုက်တာ ဟာ အလွန်ရှုတ်ချဖွယ်ကောင်းပြီး အာဆီယံရဲ့ ကြိုးပမ်းမှုကို နောက်ပြန်ဆုတ်စေတဲ့အပြင် ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖို့ စိတ်ဆန္ဒ လုံး၀မရှိဘူးဆိုတာကို ပြသတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ လျော့ပါး သက်သာစေဖို့အတွက် သက်ဆိုင်သူအားလုံးကြား ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေနဲ့ ရှုပ်ထွေးမှုတွေ မြင့်တက်နေချိန်မှာ အာဆီယံ အနေနဲ့လည်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း စိတ်ရှည်သည်းခံကြဖို့နဲ့ ပိုမိုဆိုးရွားတဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ကြဉ်ဖို့လည်း တောင်းဆိုထားပါတယ်။
အကျပ်အတည်းကို ပိုဆိုးစေမယ့် လုပ်ဆောင်ချက်တွေအပြင် သက်ဆိုင်သူတွေအားလုံး ကြား ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးရေးကို နှောင့်နှေးစေမယ့် လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေး တိုက်တွန်းတယ်လို့လည်း မစ္စတာဟွန်ဆန်က ဆိုပါတယ်။
အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ ဘုံသဘောတူညီချက် ငါးရပ်အပါအဝင် ဆွေးနွေးပွဲတွေက တစ်ဆင့် ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေကို ရှာဖွေဖို့ အာဆီယံက သန္နိဋ္ဌာန်ချထားပြီး မြန်မာ နိုင်ငံမှာ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင်ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အဆုံးသတ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ထည့်သွင်းရေး သားထားပါတယ်။