ပြည်တွင်းစစ်ရပ်စဲမှသာ လူ့အခွင့်အရေး ထွန်းကားနိုင်မယ် လို့ ၈၈ အဖွဲ့ ပြောကြား


2013.12.10
umyaaye-305.jpg ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ဒီဇင်ဘာလ ၁ဝ ရက်နေ့ကကျင်းပတဲ့ ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး မိန့်ခွန်းပြောနေစဉ်
photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲနိုင်မှသာ တရားမျှတတဲ့ လူ့အခွင့်အရေး ထွန်းကားလာမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ကျင်းပတဲ့ ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောခဲ့တာပါ။

"လူ့အခွင့်အရေးလို့ ပြောလိုက်ရင် ကချင်လူမျိုးတွေ အတွက်ပဲ ပြောနေတာမဟုတ်ဘူး၊ ကချင်ပြည်နယ် အတွင်းမှာ နေထိုင်နေကြသော လူသားအားလုံး အတွက်၊ မြန်မာပြည်တွင်းမှာ နေထိုင်နေကြသော လူသားအားလုံးအတွက်ပါ၊ စစ်ရှိရင် စစ်ပြေး ဒုက္ခသည်ရှိတယ်၊ စစ်ရဲ့အောက်မှာ လူ့အခွင့်အရေး ဆိုတာ ဘယ်တော့မှ ထွန်းကားလာမှာ မဟုတ်ဘူး"

အလားတူ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့ Excel Tower ခန်းမမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အခမ်းအနားမှာဆိုရင် လူ့အခွင့်အရေးလှုပ်ရှားသူ အဖွဲ့ ၂၀ ကျော်စုပေါင်းပြီး မြန်မာနိုင်ငံအနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များကို ခြွင်းချက်မရှိ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးမယူဖို့စတဲ့ အချက် ၉ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အချက်ပေါင်း ၃၀ ပါတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ နေ့က အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီနေ့ကိုလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ ဒီကနေ့ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။