စစ်ကောင်စီကို တိုးပြီးအရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း

RFA Burmese
2023.09.14
စစ်ကောင်စီကို တိုးပြီးအရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
Dita Alangkara/AP

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အမေရိကန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူဆောင်ရွက်လျက်ရှိရမှာ၊ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းများ အပါအဝင် ပစ်မှတ်ထား အရေးယူဆောင်ရွက်နေတာကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆက်လက် ဆောင်ရွက်ဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်တယ်လို့ ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Tom Andrews ကအမေရိကန်နိုင်ငံအနေနဲ့ ဆောင်ရွက်နေတာများအနက် အနည်းဆုံး မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပကိုပေးနေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

တစ်ဆက်တည်း Tom Andrews ကအမေရိကန် ကွန်ဂရက်ကြားနာပွဲမှာ ထောက်ပြ ပြောဆိုရာမှာ စစ်တပ်ရဲ့ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံပြင်ပကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေကိုထောက်ပံ့နေတဲ့ အကူအညီတွေကို အမေရိကန်အပါအဝင် အကူအညီ ပေးနေတဲ့ နိုင်ငံတချို့က ဖြတ်တောက်လိုက်တာကို မီးမောင်းထိုးပြောဆိုပါတယ်။

ဒါ့အပြင် Tom Andrews ကအမေရိကန်နိုင်ငံက မြန်မာ့နိုင်ငံခြားကူးသန်းရောင်းဝယ်မှု ဘဏ်နဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကို အရေးယူလိုက်တာတွေကို ချီးကျူးလိုက်ပြီး အခုထက် ပိုမိုဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။