လူ့ခွင့်ရေးချိုးဖေါက်မှု အရေးယူဖို့ အချက်အလက်ပေးရန် ကုလ ကို ဒေါ်အောင်ဆန်းစုကြည် ပြောဆို
2017.02.04

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာလုံခြုံရေးတပ်တွေက လူအခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက စွပ်စွဲချက်တွေအပေါ်မှာ အထောက်အထားခိုင်လုံရင် စုံစမ်းစစ်ဆေး အရေးယူမှုတွေ ပြုလုပ်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့က ပြောဆိုတယ်လို့ ရိုက်တာ သတင်းတရပ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိတွေကို ကိုးကားပြီးရေးသားထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်ရေးရုံးက မောင်တောဒေသမှာ လူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသလို အမျိုးသမီးတွေလည်း အုတ်စုလိုက် အဓမ္မပြုကျင့်ခံရတာတွေ ရှိတယ်ဆိုတဲ့ အစီရင်ခံစာတဆောင်ကို ပြုစုခဲ့ပြီး လွန်ခဲ့တဲ့နာရီပိုင်းက လူ့အခွင့်အရေးကော်မရှင်နာ Zeid Ra’ad al–Hussein ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခဲ့ပါတယ်။
သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကိုဖြစ်နိုင်တဲ့ နည်းနဲ့ ချက်ခြင်းရပ်ပေးဖို့ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း စုံစမ်းစစ်ဆေး မှုတွေပြုလုပ်သွားမှာဖြစ်ပြီး အဲဒီလို အရေးယူဖို့အတွက်သူ့အနေနဲ့ သတင်းအချက်အလက်တွေ ရရှိဖို့လိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။ အလားတူ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကလည်း အထူးစိုးရိမ်မိတယ်လို့ ပြောဆိုပြီး ဖွဲ့စည်းထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာ ဒေသတွင်းနယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကာလ ၄လအတွင်းလူပေါင်းရာနဲ့ ချီပြီးအသတ်ခံရဖွယ်ရှိတယ် လို့ ဖေါ်ပြထားပါတယ်။ လူပေါင်း၂၀၀ ကျော်ကို မေးမြန်းခဲ့ရာမှာ ၄၇%ထဲက မိသားစုဝင်တွေ အသတ်ခံခဲ့ရတယ်လို့ပြောဆိုပြီး ၄၃%ရဲ့မိသားစုဝင်တွေ အဓမ္မပြုကျင့်ခံရတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ လူ့အခွင့်ရေးကော်မရှင်က ဒီကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော် မရှင် တခုစေလွှတ်ဖို့ သင့်တယ်လို့လည်း ပြောဆိုခဲ့သလို တချို့လိုအပ်မယ်ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တဆင့် အပြည်ပြည်ဆိုင်ရာတရားရုံးကို တာဝန်ပေးအပ်ဖို့သင့်တယ်လို့ ပြောပါတယ်။