ကိုထင်ကျော် ကို ပုဒ်မ ၅၀၅-ခနဲ့ အမှုဖွင့်


2018.08.30
htinkyaw-mdcf-622.jpg MDCF ခေါင်းဆောင် ကိုထင်ကျော် ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo:Aung Thain Kha/RFA

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ရန်ကင်းမြို့နယ်တရားရုံးက အမှုဖွင့်လိုက်ပါတယ်။

တရားစီရင်ရေးစနစ်ကို ဝေဖန်ခဲ့တဲ့အတွက် ခုလို အရေးယူလိုက်တာလို့ ယူဆရတဲ့အကြောင်း ကိုထင်ကျော် က ပြောပါတယ်။

"၃၀ ရက် ရက်စွဲနဲ့ ပုဒ်မက ၅၀၅-ခ ပါခင်ဗျ၊ ကျနော့်ခန့်မှန်းချက်ကတော့ ၇ လပိုင်း ၁၂ ရက်နေ့က ရန်ကင်းတရားရုံးမှာ ဦးအိုက်လင်း ဆိုတဲ့လူရဲ့ အမှုနဲ့ပတ်သက်ပြီး တရားစီရင်ရေးရယ် ပြည်ထဲရေးရယ် လက်ရှိအစိုးရပေါ့ဗျာ၊ ထိထိရောက်ရောက် ကိုင်တွင်အရေးမယူဘဲနဲ့ တရားခံကို အမှုမှာ အပြစ်မရှိဘူး ဆိုတဲ့ကိစ္စ အဲအပေါ်မှာ ကျနော် ဝေဖန်ပြောဆိုသုံးနှုန်းတဲ့ကိစ္စတွေကို အရေးယူတယ်လို့ ယူဆပါတယ် ခင်ဗျ"

နန်းထိုက်တော်ဝင် စားသောက်ဆိုင်ရှင်နဲ့ ဂရိတ်နိုင်း ကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ကိုထင်ကျော် က အခုလို ပြောပါတယ်။

"လုပ်ရပ်က ၂၀၀၄ ခုနှစ်က မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်ကို လူတစုကနေ အမွေပိုင်ပါတယ် ဆိုပြီးတော့ အိမ်ခြေ ၂၉၃ လုံးကို အဓမ္မဖယ်ရှားတဲ့ကိစ္စ အပြောင်းအရွှေ့စရိတ်တွေကို မယူရင်ဖမ်းမယ် ဆီးမယ် ခြိမ်းခြောက်ပြီး စာရွက်ပြောင်မှာ အတင်းလက်မှတ်ထိုးခိုင်းပြီးတော့ အဓမ္မဖယ်ခိုင်းတဲ့ကိစ္စ အဲကိစ္စကို ၂၀၀၇ ခုနှစ်က ကျနော်တို့ အဖွဲ့ကို လာပြီးတော့ ရပ်ကွက်လူကြီးတွေက အကူအညီတောင်း တယ်၊ ကျနော်က ထောင်ထဲရောက်သွားတဲ့အခါ ကျတော့ ၂၀၁၂ မှထွက်လာတယ်၊ ထွက်လာတော့ သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ ရှင်းလင်းပွဲလုပ်တဲ့အခါ ကျနော့်ကို ဦးအိုက်လင်း က အသရေဖျက်မှုနဲ့ စွဲတယ်"

အဲဒီလို တရားစွဲတဲ့အခါ ဦးအိုက်လင်းက မမှန်ကန်တဲ့ စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုစာရွက်အတု စတာတွေ တင်ပြတဲ့အတွက် ကိုထင်ကျော်က မမှန်သက်သေတင်မှုနဲ့ ပြန်လည်တရားစွဲခဲ့ပါတယ်။

အဲဒီအခါ ဦးအိုက်လင်းက ကိုထင်ကျော်ကို စွဲဆိုတဲ့ အမှုရုပ်သိမ်းသွားပေမဲ့ ကိုထင်ကျော်က တရားလိုအဖြစ် ရုံးချိန်းရက်တိုင်း တရားရုံးကို နှစ်ပတ်တကြိမ်သွားတဲ့အခါ ဦးအိုက်လင်းက မလာရောက်ခဲ့ပါဘူး။ ၂၀၁၆ မှာ ရန်ကင်းမြို့နယ်တရားရုံးမှာ အမှု ပြောင်းရွှေ့စစ်ဆေးပေမယ့် ဦးအိုက်လင်းကို ဥပဒေအရ ထိုက်သင့်သလို အရေးမယူတဲ့အတွက် ကိုထင်ကျော်က ဝေဖန်တာလို့ ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။