ထိန်ပင်မီး အဆုံးသတ်နိုင်ပြီလို့ ပြော
2018.05.03

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ ၁၂ ရက်ကြာ လောင်ကျွမ်းခဲ့တဲ့ ထိန်ပင်အမှိုက်ပုံမီးကို မနေ့က အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
မေလ ၂ရက်နေ့ မနေ့က အမှိုက်ပုံမီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီး နောက်ချန်အင်အား တချို့တော့ ချန်ထားပေးတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြောပါတယ်။
"၂၉ ရက်နေ့ကစပြီး သတ်မှတ်ခဲ့တဲ့ A,B,C,D ဆိုတဲ့ ဇုန် ၄ ဇုန်က မနေ့ကတော့ ဇုန် D မှာ အပြီးသတ် ငြှိမ်းသတ်ခဲ့ပြီးဖြစ်ပါတယ်၊ အဲဒီမှာ မီးသတ်ယာဉ် ၁ဝ စီးနဲ့ လူအင်အား ၄ဝ ကျနော်တို့ နောက်ချန်အနေနဲ့ ထားခဲ့ပေးပါတယ်"
ဒါ့အပြင် စည်ပင်သာယာဦးစီးဌာနဘက်က မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် ၁ဝ စီး၊ ဝန်ထမ်းအင်အား ၅ဝ လောက်ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ချန်ထားပေးတယ်လို့လည်း ပြောပါတယ်။
အဲဒီအမှိုက်ပုံမီးလောင်မှုနဲ့ ပတ်သက်ပြီး ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာကို နောက်ပိုင်းမှာ သီးသန့်အဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဦးမြတ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး ထိန်ပင်အမှိုက်ပုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ဧက ၃ဝဝ ကျယ်တဲ့ အမှိုက်ပုံရဲ့ တစ်ဝက်လောက်ကို လောင်ကျွမ်းခဲ့တာလည်းဖြစ်ပါတယ်။
အမှိုက်ပုံမီးနဲ့ မီးခိုးငွေ့ထွက်တာကို ထိန်းချုပ်နိုင်ဖို့ ဧပြီလ ၂၇ ရက်နေ့ကနေ အပြီးသတ်မီးငြိမ်းသွားတဲ့ မနေ့အထိ Bio Foam ခေါ် ဓာတုဆေးရည်တွေနဲ့ ဆေးရည်ဂါလန် သုံးထောင်ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီအမှိုက်ပုံမီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေ စုပေါင်းပြီး ငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမှိုက်ပုံမီးက ထွက်လာတဲ့မီးခိုးတွေဟာ ရန်ကုန်မြို့တွင်းက မြို့နယ်အတော်များများကို ပျံ့နှံ့ခဲ့တဲ့အတွက် မီးခိုးငွေ့တွေကြောင့် အသက်ရှုကြပ်ပြီး ဆေးရုံတက်ရောက်ကုသခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။