ထီးချိုင့်မှာ ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံး
2023.03.31

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောရွာမှာ မတ်လ ၃၀ ရက် မနေ့ညက ၄၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် မနန်းရတီဦးနဲ့ သူ့ရဲ့မိခင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မမိငယ်တို့ သေဆုံးသွားတယ်လို့ ထီးချိုင့်ဒေသခံတွေက RFA ကိုပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် ဖခင်ဖြစ်သူ ကိုသိန်းဇော်နဲ့ အသက် ၄ နှစ်အရွယ်သမီးဖြစ်သူ နှင်းရတီတို့လည်း ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံရနေရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဖအေဖြစ်သူက အဲဒါကို ကောက်လာပြီး အိမ်ရဲ့အမြင့်ပေါ်မှာ တင်ထားတာ။ ကလေးတွေက အိမ်မှာ ခုန်ပေါက်ပြီး ဆော့တော့ အဲဒီဗုံးသီးက အိမ်ကြမ်းပြင်ကို ကျပြီးပေါက်ကွဲသွားတာ။ အမေက ကျောမှာ ဆန်ခါပေါက်ဖြစ်ပြီး ခေါင်းနဲ့လည်ပင်းမှာ ဒဏ်ရာရပြီးသေတယ်။ နန်းရတီဦးကလည်း လက်ပြတ်၊ ခြေပြတ်၊ ဗိုက်ပေါက်ပြီး သေသွားတယ်”
အလယ်တောရွာအနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီနေရာက မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ကောက်ယူလာခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မတ်လ ၅ ရက်နေ့တုန်းကလည်း ကသာမြို့နယ်၊ ပျဉ်ထောင်လေးရွာမှာ ၇၉ ကျည်ဖူး ပေါက်ကွဲလို့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့နေရာမှာ အကြွင်းအကျန် ဗုံးသီးပေါက်ကွဲလို့ အရပ်သားတွေ မကြာခဏ သေဆုံးမှုတွေ ရှိနေတာပါ။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ ဒီလိုမပေါက်ကွဲသေးတဲ့ လက်နက် အကြွင်းအကျန်တွေတွေ့ရင် ဒေသခံတွေ မယူဆောင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို အကြောင်းကြားပေးဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီလို စစ်လက်နက် အကြွင်းအကျန်တွေ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကတော့ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သား ၁၀၂ ဦး သေဆုံးခဲ့ရသလို နောက်ထပ် အရပ်သား ၂၈၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။