ဆီဆိုင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒေသခံတစ်ရာကျော်ပိတ်မိနေ
2024.02.02

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ဖေဖော်ဝါရီလ ၂ ရက် ဒီနေ့မနက်ပိုင်းက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ၊ ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ PNO ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးပြောပါတယ်။
ဆီဆိုင်မြို့အထွက်နဲ့ မြို့အတွင်းပိုင်း ရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေရှိနေပြီး ဒေသခံတစ်ရာကျော် တိုက်ပွဲအတွင်း ပိတ်မိနေတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“တိုက်ပွဲက နေ့တိုင်းလိုလိုတော့ဖြစ်တယ်။ ဒီမနက်က ပိုပြင်းထန်တယ်ဗျ။ ဆိုက်ခေါင်ရွာဘက်ကနေလည်း ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ ပစ်ပေးနေတာရှိတယ်။ ဆီဆိုင်မြို့နေရာ တော်တော်များများမှာပဲ ဖြစ်နေတာ။ အခုမြို့ခံတွေ ကျန်တဲ့သူတွေ မထွက်နိုင်တဲ့သူတွေရှိတယ်။ ပိတ်မိနေတာ တစ်ရာကျော်ရှိတယ်။ ငွေကြေးအဆင်မပြေတဲ့လူတွေက မရှောင်နိုင်ဘူး။ အဲဒီလိုလူတွေ ပိတ်မိနေတာများတယ်”
ဆီဆိုင်မြို့ မြောက်ဘက်အခြမ်းမှာ စစ်ကောင်စီတပ်နဲ့ (PNO) ပြည်သူ့စစ်တပ်ဖွဲ့တွေရှိနေပြီး မြို့တောင်ဘက်အခြမ်းမှာတော့ (PNLA) နဲ့မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံကပြောပါတယ်။
ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNO) ပြောခွင့်ရ ဦးခွန်ထွန်းရွှေကတော့ ဆီဆိုင်မြို့မှာ ဒီနေ့မနက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေတာ မှန်တယ်လို့ပြောပါတယ်။ သူတို့တပ်ဖွဲ့တွေအနေနဲ့ မြို့တောင်ဘက်ခြမ်းအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သူကပြောပါတယ်။
တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ပြောခွင့်ရသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့ရဲ့မြေပြင်တိုက်ပွဲမှာ ပါဝင်သူတစ်ဦးကတော့ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ပြောပါတယ်။
ဟိုပုံးမြို့နယ် နောင်စံဖူးကျေးရွာမှာ ဇန်နဝါရီ ၂၁ ရက်နေ့က ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNO) က ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ကားတွေကို လက်နက်သယ်တယ်ဆိုပြီး စစ်ဆေးရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး တိုက်ပွဲတွေစတင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဆီဆိုင်မြို့ကို (PNLA) နဲ့ မဟာမိတ်တွေက ထိန်းချုပ်လိုက်ပြီး ဒီနေ့အထိ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ လာရောက်ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲကာလအတွင်း အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တစ်ရာနီးပါးလည်း ပျက်စီခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ခြောက်ခုနဲ့ ကျေးရွာအုပ်စု ၁၃ စုရှိပြီး လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်ပါတယ်။ ဒါ့အပြင် အခြားဒေသကနေ လာရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ သုံးသောင်းခန့်လည်း မြို့ပေါ်မှာခိုလှုံနေပါတယ်။
မူလက ဆီဆိုင်မြို့ပေါ်မှာပဲ တိုက်ပွဲတွေရှိနေရာကနေ လက်ရှိမှာ ကျေးရွာတွေအထိ စစ်ဘောင်ကျယ်လာတဲ့အတွက် တခြားဒေသကနေ လာရောက်ခိုလှုံနေသူတွေပါ ဆီဆိုင်ကနေ ဘေးလွတ်ရာ ဟိုပုံး၊ တောင်ကြီး၊ ရပ်စောက်၊ အောင်ပန်း၊ ပင်လောင်းစတဲ့မြို့နယ်တွေကို ထပ်မံ တိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေကပြောပါတယ်။