ဖရူဆိုမြို့က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ်

2021.12.30
ဖရူဆိုမြို့က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေရသူတွေကို တွေ့ရစဉ်
Photo: Phe Day Lyy

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ပြီးခဲ့ရက်ပိုင်းက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု ဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဖရူဆိုမြို့ပေါ်နဲ့ မိုဆိုရွာက ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ကုန်ပစ္စည်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေသယ်မယ့် ဖရူဆို-ဒီးမော့ဆို-လွိုင်ကော်လမ်းကြောင်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေတာကြောင့် ဖြတ်သန်းသွားလာတဲ့သူမရှိဘဲ အခက်အခဲဖြစ်နေတာလို့ ကူညီပေးနေသူ တစ်ဦးက RFA ကိုပြောပါတယ်။

"ကြိုတင်ပြင်ထားတဲ့နေရာက ထပ်ပြီးတော့ ပိုများလာတဲ့အတွက် ကျနော်တို့ အဆင်ပြေတဲ့နေရာတွေမှာ လုပ်ရတာရှိတယ်၊ လတ်တလောကတော့ လမ်းတွေက ပြန်ပိတ်သွားတော့ ကုန်ပစ္စည်းတွေက အနောက် ဘက် သယ်လို့မရတဲ့အတွက် အဓိက စားနပ်ရိက္ခာတွေရယ် ဆေးဝါးတွေရယ် ကုန်ခြောက်ပိုင်းပေါ့၊ ဒီဘက် ဒေသက အရမ်းအေးတဲ့အတွက် သူတို့ကလေးတွေအတွက် အနွေးထည်လေးတွေ စောင်တွေ အဲလိုမျိုးတွေ ပိုအခက်အခဲဖြစ်စေတယ်၊ သူတို့အတွက်ပေါ့"

ဒီဇင်ဘာလ ၂၄ ရက်နေ့က မိုဆိုရွာအနီးမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF တို့ (၄) နာရီကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က Save The Children ဝန်ထမ်း နှစ်ဦး အပါအဝင် အရပ်သား ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် အနီးအနားက ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။

စစ်ကောင်စီဘက်ကတော့ အပြန်အလှန်ပစ်ခတ်ရင်း မီးလောင်သွားတာလို့ တုံ့ပြန်ထားပါတယ်။

အဲဒီကိစ္စကြောင့် လက်ရှိ ဒေသခံစုစုပေါင်း ၅၀၀ ကျော် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည် စခန်းကို ရောက်ရှိနေကြတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။

"လတ်တလောဖြစ်ပေါ်လာတဲ့ အခြေအနေအရ ဟိုယာအုပ်စုဘက်ခြမ်းကို ပြေးလာတဲ့သူ အသစ်က ၅၀၀ ကျော်လောက်ရှိမယ်၊ အနောက်ဘက်ခြမ်း ဒေါလောစောအုပ်စုဘက် သွားတာတွေကတော့ ကျနော်တို့ စာရင်း အတိအကျမရသေးဘူးပေါ့နော်" လို့ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ စစ်ဘေးဒုက္ခသည်စခန်း ခြောက်ခု ရှိနေပြီး စခန်းတစ်ခုမှာ လူဦးရေ ၅၀၀ ရာကျော် ရှိတယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ကယားပြည်နယ်မှာ ဒီနေ့အထိ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော်ရှိနေပြီလို့ ကရင်နီလူမှုကွန်ရက် အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။