ဖားဆောင်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
2024.05.06

ကယားပြည်နယ် (ကရင်နီပြည်) ဖားဆောင်းမြို့ကို သိမ်းပိုက်နိုင်ဖို့ မြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၁၃၄ နဲ့ ခလရ ၁၃၅ တပ်စခန်းတွေကို ကရင်နီ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မေလ ၆ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ပွဲက နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း စခန်းတွေ လက်မလွှတ်ရရေး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ KNDF သတင်းပြန်ကြားရေး တာဝန်ခံ စောသာအယ်စိုး က ပြောပါတယ်။
“ဖားဆောင်းမှာ အခြေစိုက်တဲ့ ဒီတပ်စခန်းနှစ်ခုကို သိမ်းနိုင်မှ မြို့ကိုသိမ်းနိုင်ပြီလို့ ပြောလို့ရမှာဖြစ်တယ်။ ဒါကြောင့် ဒီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့က တိုက်ပွဲတွေက နေ့စဉ်လိုဖြစ်နေတာရှိပါတယ်။ အခုက ဘယ်တပ်စခန်းမှ မသိမ်းနိုင်သေးပါဘူး”
ကရင်နီပူးပေါင်းတပ်တွေဘက်က ဖားဆောင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ဒီတိုက်ပွဲမှာ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) နဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ် ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံနဲ့ မိုးဗြဲမြို့တွေကို ကရင်နီပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။
ဒီအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ တပ်စခန်း ၁၆ ခုနဲ့ တိုက်ခိုက်သိမ်း ယူခဲ့တဲ့ တပ်စခန်း ၆၅ ခု စုစုပေါင်း တပ်စခန်း ၈၁ ခုကို ကရင်နီပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတယ်လို့ KNDF က မတ်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။