ဖားကန့်မြို့နယ်မှာ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတချို့ ထွက်ပြေးနေရ

RFA Burmese
2024.06.28
ဖားကန့်မြို့နယ်မှာ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတချို့ ထွက်ပြေးနေရ ဖားကန့် ဆိပ်မူကျေးရွာမှ ဈေးဆိုင်အချို့ ပိတ်ထားသည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ (ဆိုင်းတောင်) ရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ သုံးရက်ဆက်တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲနဲ့ အနီးတစ်၀ိုက်မှာနေထိုင်တဲ့ လူနှစ်ရာနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဇွန်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစလို့ ဇွန်လ ၂၇ ရက်နေ့ညပိုင်းအထိ ဆိပ်မူရဲစခန်းနဲ့ နှီးဘုရားကုန်း အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ညနေ ၃ နာရီလောက်က နှီးဘုရားနားက စစ်ကောင်စီတပ်တွေကို KIA နဲ့ PDF တွေက ဒရုန်းနဲ့ပစ်တာ။ ပြီးတော့ လက်နက်ကြီးတွေ သေနတ်တွေနဲ့ အပြန်အလှန်ပစ်ကြတာ ည ၉ နာရီကျော်ထိ အသံတွေကြားရတယ်။ ရဲစခန်းကိုလည်း ဒရုန်းနဲ့ပစ်တယ်။ အဲလိုပစ်ခံရရင် ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးနဲ့ပြန်ပစ်တယ်။ လက်နက်ကြီးကြောက်တော့ ပြည်သူတွေတချို့က ရှောင်ကြတယ်”

တိုက်ပွဲအတွင်း ဇွန်လ ၂၆ ရက်နေ့က ဆိပ်မူရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ဆိပ်မူရွာဘက်ကို အင်အား ခုနစ်ဆယ်ခန့်နဲ့ စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ဆိပ်မူရွာက ဈေးဆိုင်တွေလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကတော့ ဆိပ်မူရဲစခန်းကို KIA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်တော့ ငြိမ်နေသေးတယ်။ စစ်ကောင်စီတပ်တွေ နှီးဘုရားမှာပဲ ရှိနေတယ်။ အရင်ရက်ကတော့ ရဲစခန်းကို ဒရုန်းနဲ့ပစ်တာ ရဲဆယ်ယောက်သေတယ်၊ လေးယောက် ဒဏ်ရာရတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖားကန့်မြို့နယ်မှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေပြီး ဖားကန့်မြို့ အဝင်၊ အထွက် လမ်းအားလုံးကိုတော့ KIA က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။