ဖားကန့် ကာမိုင်းစစ်ကောင်စီတပ်ဂိတ်မှာ ကားသမားတစ်ဦးပစ်သတ်ခံရ
2023.03.31

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နားက စစ်ကောင်စီတပ်ဂိတ်မှာ မတ်လ ၃၀ ရက် မနေ့က ကားသမား လူငယ်တစ်ဦး ပစ်သတ်ခံရပြီး အလောင်းကိုလည်း အခုထိ မရသေးဘူးလို့ ပစ်ခတ်ခံရသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ပစ်သတ်ခံရသူဟာ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်က အသက် ၃၀ အရွယ် ကိုမိုက်မိုက် ဆိုသူဖြစ်ပြီး ဆန်နဲ့ စက်သုံးဆီ ဆီသယ်ပြီး မိုးကောင်းမြို့ကနေ ဖားကန့်ကို ကားနဲ့လာချိန် ကာမိုင်းဂိတ်မှာ ပစ်သတ်ခံလိုက်ရတာလို့ သူက ပြောပါတယ်။
“မနေ့က တစ်နာရီကျော်ချိန်လောက်မှာ ဖြစ်သွားတာ။ ဆန်နဲ့ ဆီသယ်ပြီးလာတာ ကာမိုင်းဂိတ်ကိုရောက်တော့ စစ်ဆေးတယ်ပေါ့။ စစ်ဆေးပြီး ကားပေါ်တက်ခါနီး ကားတံခါးနားမှာ ပစ်သတ်ခံလိုက်ရတာ။ သူ့နဲ့အတူလိုက်ပါတဲ့ သူငယ်ချင်းကိုလည်း ဖမ်းသွားတယ်။ သူ့အလောင်းကိုလည်း ကာမိုင်းဗျူဟာကုန်းက စစ်ကောင်စီတပ်တွေက ယူသွားတယ်”
အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးကတော့ ကိုမိုက်မိုက်ကို PDF လို့ စွပ်စွဲပြီး ပစ်သတ်လိုက်တာလို့ သိရကြောင်း RFA ကို ပြောပါတယ်။
“ကားပေါ်မှာ PDF တွေရဲ့ပစ္စည်းတွေ ပါတယ်ဆိုပြီး ပစ်သတ်လိုက်တယ်လို့ သိရတယ်။ အလောင်းကတော့ ကာမိုင်းစစ်တပ် ဗျူဟာကုန်းမှာပဲ မိသားစုဝင်တွေက သွားတောင်းတာ မပေးဘူးလို့ပြောတယ်”
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို သူ့အနေနဲ့ မသိနိုင်ဘူးလို့ ပြောဆိုထားပါတယ်။
ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ကချင်လွတ်မြောက်အဖွဲ့ (KIO) ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေ ဖမ်းဆီးခံရတာတွေနဲ့ သတ်ဖြတ်ခံရတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၇ ရက်နေ့ ညနေကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဒုရဲအုပ် တစ်ယောက် ပစ်သတ်ခံရသလို KIA တပ်ဖွဲ့ဝင် တစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မှော်မောင်လျံရွာအနီး ရေမဆေးကျောက် ရှာပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။