ဖားကန့်မှာ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်
2023.03.11

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်မောင်လျံရွာအနီး ရေမဆေးကျောက်ရှာပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ လူငယ်နှစ်ဦးကို မတ်လ ၁၁ ရက် မနက် ၃ နာရီကျော်မှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးကာ ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရေမဆေးကျောက်ကောက်ပြီး ပြန်လာတဲ့နှစ်ယောက် စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တိုးပြီး ပစ်သတ်ခံလိုက်ရတာ။ အလောင်းက ဒီနေ့မနက် ၇ နာရီလောက်မှ သွားကောက် တာ။ ဘယ်သူလဲတော့ သေချာ မသိရသေးဘူး။ အခုတစ်လော ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှု တွေလည်းအရမ်းများနေတယ်။ ဖမ်းဆီးတာတွေလည်းများတယ်”
ပစ်သတ်ခံလိုက်ရသူ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်တွေက သယ်သွား တယ်လို့ မှော်မောင်လျံဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ၃နာရီ ခွဲလောက်မှာ သေနတ်သံငါးချက်လောက်ကြားတာ။ အဲဘက်မှာက စစ်ကောင်စီတပ်တွေပဲရှိတာ။ ဂျင်းဘောင်းဘီဝတ်ထားတဲ့ လူငယ်နှစ်ယောက်။ ဘယ်သူလဲတော့ မသိရသေးဘူး။ အခုထိ စုံစမ်းနေတုန်းပဲ အလောင်းကိုတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေက နာရေးကားတွေနဲ့ လာသယ်သွားတယ်”
ဒီ့အပြင် ဖားကန့်မြို့ ဖားပြင်ကျေးရွာက ပြည်သူရှစ်ဦးကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့လည်း ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စတွေကို သူ့အနေနဲ့ မသိနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
၂၀၂၃ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း ကချင်ပြည်နယ် ဖားကန့် မြို့နယ်မှာ စစ်ကောင်စီက လူတစ်ရာကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) က မတ်လ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီချုပ်နှောင်ခံနေရတဲ့အရပ်သားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။