ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံး
2024.02.27
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊(PDF) ပူးပေါင်းတပ်တွေ ဖေဖော်ဝါရီ ၂၆ ရက်ညနေကစပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၆၅ နှစ်ရွယ် ဦးကျော်ထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တာမခန်ရွာက နယ်မြေရဲစခန်းကိုတော့ မနေ့ညကတည်းက (KIA) နဲ့ (PDF) တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းကုန်းကိုရရှိဖို့ ဆက်လက်တိုက်ခိုက်နေတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရဲစခန်းကတော့ မနေ့က သိမ်းလိုက်ပြီ။ အခု စခန်းကုန်းသိမ်းနိုင်ဖို့ တိုက်နေတယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ မနေ့က တစ်ကြိမ်၊ ဒီနေ့ ၁၂ နာရီမှာ သုံးကြိမ် လာပစ်တယ်။ ဖားကန့်ဗျူဟာကုန်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူတယ်။ လက်နက်ကြီးထိလို့ မနေ့ညက တာမခန်က တစ်ယောက် သေတယ်။ ပြီးတော့ ဒီနေ့မနက်လည်း မော်ဝမ်းကြီးက တစ်ယောက် သေတယ်”
(KPDF) ရဲဘော် တစ်ဦးကလည်း ရဲစခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ပေမယ့် တပ်စခန်းကိုသိမ်းနိုင်ရေး ဆက်တိုက်နေဆဲဖြစ်တယ်လို့ RFA ကို အတည်ပြုပါတယ်။
စစ်ကောင်စီတပ် စခန်းကုန်း ခမရ (၁၁၉ ) ကနေ လက်နက်ကြီးတွေပါ ပစ်ခတ်နေတဲ့အပြင် လေကြောင်းကပါ ပစ်ခတ်နေတာကြောင့် ရွာက နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးနေသလို စစ်ကောင်စီတပ်သားတချို့ကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။
တိုက်ပွဲကြောင့် ဒေသခံတွေကတော့ ခိုမရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းအပါအဝင် နီးစပ်ရာ ရွာတွေဆီ ထွက်ပြေးခိုလှုံနေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ (KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖားကန့် အဝင်အထွက်အတွက် အရေးပါတဲ့ ဝှေခါတပ်စခန်းနဲ့ နန့်တိန်းတပ်စခန်းတွေကို (KIA) က သိမ်းထားပါတယ်။