ဖားဆောင်းမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူအချို့ ထွက်ပြေးလွတ်မြောက်လာ
2024.04.30

ကယားပြည်နယ် (ကရင်နီပြည်)၊ ဖားဆောင်းမြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဓားစာခံအနေနဲ့ ဖမ်းဆီးခဲ့တဲ့ ဒေသခံအချို့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထွက်ပြေးလာသူတွေကို ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေက ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ထွက်ပြေးလာသူ အရေအတွက်နဲ့ ဘယ်လိုမျိုး ထွက်ပြေးလွတ်မြောက်လာသလဲ ဆိုတာကိုတော့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြထားတာမရှိပါဘူး။
ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်မ်း သတင်းဌာနမှာတော့ ထွက်ပြေးလာနိုင်သူ ၁၈ ဦးရှိခဲ့ပြီး သူတို့ကို စစ်ကောင်စီတပ်က သုံးလနီးပါး ဓားစာခံအနေနဲ့ ဖမ်းဆီးထားတာလို့ ရေးသားထားပါတယ်။
ဒါပေမဲ့ ဆက်ပြီးဖမ်းဆီးခံထားရသူ ဆယ်ယောက်ဝန်းကျင် ကျန်နေသေးတယ်လို့လည်း ပြန်လွတ်လာသူတွေရဲ့ ပြောကြားချက်ကိုအခြေခံပြီး ကန္တာရဝတီတိုင်မ်းက ဖော်ပြထားပါတယ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ ပြန်လွတ်လာသူတွေဟာ ဖားဆောင်းမြို့လယ်က ကွက်သစ်ဘုန်းကြီးကျောင်းနဲ့ မီးသတ်စခန်းအနီး ရပ်ကွက်တွေက ဒေသခံတွေ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဖားဆောင်းမြို့လယ် ဘုန်းကြီးကျောင်းနားမှာက စစ်ကောင်စီတပ်ရှိတယ်။ တိုက်ပွဲဖြစ်တော့ အဲဒီစစ်ကောင်စီတပ်က လူတွေကို ပေးမထွက်တော့ဘဲ ထိန်းထားတာရှိတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း အဲဒီနားမှာ တိုက်ပွဲဖြစ်တော့ ဒေသခံအချို့ကို ကယ်နိုင်တာရှိတယ်။ ကျန်နေတဲ့သူတွေလည်း ရှိတယ်”
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ကလည်း ဖားဆောင်းမြို့ မီးသတ်စခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အရပ်သားအချို့ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။