ဟီလာရီ ကလင်တန် ရန်ကုန်ကို ရောက်ပြီ

ဟီလာရီ ကလင်တန်ဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရောက်ချင်း ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ ရွှေတိဂုံဘုရားကို သွားပြီး လှည့်လည် ဖူးမြော်ခဲ့ကြောင်း သတင်းရရှိပါတယ်။

2011.12.01
clinton-shwedagon2-305 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမျှော်ခဲ့သည်။ (ဓါတ်ပုံ - RFA)
RFA

တနင်္ဂနွေသမီး ဟီလာရီ ကလင်တန်ဟာ တနင်္ဂနွေထောင့်မှာ ရေသပ္ပါယ် ခေါင်းလောင်းထိုး၊ ဂေါပက အဖွဲ့မှာ လှူဒါန်းပြီး တည်းခိုမယ့် ဟိုတယ်ကို ပြန်သွားပါတယ်။ ဘုရားမှာ ၁၅ မိနစ် မိနစ် ၂၀ လောက် နေပြီး ပြန်ဆင်းသွားတာလို့ ပြည်တွင်း သတင်းထောက်တွေကပြောပါတယ်။

ဟီလာရီ ကလင်တန်နဲ့အတူ လူ ၃၀၀ လောက် လိုက်ပါလာတာ တွေ့ရပြီး လုံခြုံရေး တာဝန်ယူထားတဲ့ အမေရိကန်ဘက်က တာဝန်ရှိသူတွေ များတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အထူး သတင်း တပ်ဖွဲ့ကလည်း လုံခြုံရေး တာဝန်ယူထားတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သတင်းယူခွင့် ရထားတဲ့ နိုင်ငံခြား သတင်းထောက်တွေ အနီးကပ် လွတ်လွတ်လပ်လပ် သတင်း ဓာတ်ပုံ ရိုက်ခွင့်ရပြီး ပြည်တွင်း သတင်းထောက်တွေကတော့ ကန့်သတ်နေရာမှာပဲ နေရတဲ့ အတွက် မှောင်လည်း မှောင်နေတာမို့ သတင်း ဓာတ်ပုံကောင်းတွေ မရလိုက်ဘူးလို့ ဆိုပါတယ်။

ဘုရားဖူးတွေကို ခါတိုင်းလိုပဲ ဘုရားပေါ် တက်ခွင့် ပေးထားလို့ သာမန် ဘုရားဖူးတွေ ဟီလာရီ ကလင်တန်နောက် တရုန်းရုန်း လိုက်ကြည့်ကြပြီး ဘုရားဖူးနဲ့ လူတချို့ အနီးကပ် ဓာတ်ပုံရိုက်တာ တွေ့ရတယ်လို့ သိရပါတယ်။

ဟီလာရီ ကလင်တန်ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံချိန်က ဝတ်ဆင်ထားတဲ့ အပေါ်အောက် အပြာရောင် ဝတ်စုံ ဆင်မြန်းထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

စောစောပိုင်း ရရှိထားတဲ့ သတင်းတွေ အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ရွှေတိဂုံဘုရားကို လာရောက် ဖူးမြော်တဲ့သတင်း ရယူကြမယ့် ပြည်တွင်း သတင်းထောက်တွေကို အရှေ့ဘက်မုခ်မှာ စုဝေးစောင့်ဆိုင်းခွင့်ပေးထားပြီး အမေရိကန်သံရုံးက လုံခြုံရေး တာဝန်ယူထားတယ်လို့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

ရွှေတိဂုံဘုရားကနေ တည်းခိုမယ့် ချတ်ထရီယံ ဟိုတယ်ကို ဟီလာရီ ကလင်တန် ဆက်လက် ထွက်ခွာသွားပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် ညစာစားဖို့ စီစဉ်ထားပါတယ်။

ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး အကြိမ် တွေ့ဆုံကြမှာပါ။ သူတို့နှစ်ဦးဟာ တယ်လီဖုန်းနဲ့ တစ်ခါ စကားပြောကြားဖူးခဲ့ပြီး ဒီညစာစားပွဲမှာ ထမင်းလက်ဆုံစားရင်း မြန်မာနိုင်ငံက နောက်ဆုံး အဖြစ်အပျက်တွေကို ဟီလာရီ ကလင်တန် အနေနဲ့ ကြားခွင့် ဆွေးနွေးခွင့်ရလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါပါတယ်။

မနက်ဖြန်မှာ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တရားဝင် တွေ့ဆုံကြမှာ ဖြစ်ပြီး နေအိမ် အကျယ်ချုပ် ဘဝနဲ့ နှစ်ရှည်လများ နေထိုင်ခဲ့ရာ၊ အခုတော့ အလုပ်လုပ်နေရာ အိမ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြပါမယ်။

အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့လည်း ဟီလာရီ ကလင်တန် တွေ့ဆုံမှာ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။

ဟီလာရီ ကလင်တန်ဟာ တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း မနက်ဖြန်မှာ တွေ့ဆုံဖို့ ရှိပြီး HIV/AIDS ဝေဒနာရှင်တွေ ပြုစု စောင့်ရှောက်ရေး ဂေဟာ၊ ပညာဒါနကျောင်းစတဲ့ ပရဟိတ လုပ်ငန်းတွေကို လေ့လာဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-01 17:01

Good ide