ဖေဖော်ဝါရီမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

2021.01.02
ဖေဖော်ဝါရီမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ် မိန့်ခွန်းပြောကြားစဉ်
Photo: Myanmar State Counsellor Office

အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် - ၁၉) ကာကွယ်ဆေးကို လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံးထိုးပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ပထမဆုံးရောက်ရှိမယ့် အိန္ဒိယနိုင်ငံက ကာကွယ်ဆေးအတွက် အရောင်းအဝယ်စာချုပ်လည်း ချုပ်ဆိုထားပြီး သုံးစွဲခွင့်ကို အိန္ဒိယနိုင်ငံက ထုတ်ပြန်ပြီးတာနဲ့ တင်သွင်းနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေးကို တစ်ဆင့်ပြီးတစ်ဆင့် ထိုးနိုင်အောင် အကောင်အထည်အဖော်နိုင်မယ်လို့ ယူဆကြောင်းလည်း ဆိုပါတယ်။

ဒါကြောင့် ကာကွယ်ဆေး မထိုးရသေးခင်ကာလအတွင်း ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေအနေနဲ့ လိုက်နာပြီး သတိရှိဖို့ သည်းခံကြဖို့နဲ့ အားတင်းထားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

အိန္ဒိယဆေးကုမ္ပဏီ Serum Institute နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးထားပြီးပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကလည်း သတင်းထုတ်ပြန်ထားတာပါ။

ဒါ့အပြင် တရုတ်နိုင်ငံကထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးလည်း အခုနှစ်ဆန်းပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကာကွယ်ဆေးတွေရလာရင် သိုလှောင်ဖြန့်ဖြူးထိုးပေးမယ့် အစီအစဉ်တွေ စနစ်တကျဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးအကြံပေးအဖွဲ့ကို ဝါရင့်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံက အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။