ပလက်ဝမှာ GSM နောက်နှစ် ရမယ်
2016.06.03

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ GSM တယ်လီဖုန်းလိုင်းတွေအတွက် တာဝါတိုင်တွေ ဆောက်လုပ်ဖို့ စီစဉ်နေကြောင်း နဲ့ လာမယ့်နှစ်မှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ပလက်ဝမြို့နယ်မှာ မြို့နေပြည်သူတွေနဲ့ ကျေးရွာတွေအကြား ဆက်သွယ်ရေးခက်ခဲနေတဲ့အတွက် GSM တယ်လီဖုန်းလိုင်း တပ်ဆင်ပေးဖို့ အစီအစဉ် ရှိ မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင် က မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တိုင် ၆ တိုင်၊ စခန်း ၆ ခု ဖွင့်တဲ့အခါမှာ ဇွန်လမှာ ၁ ခုပြီးမယ်၊ ဒီဇင်ဘာလမှာ ၂ ခုပြီးမယ်၊ မတ်လမှာ ၃ ခုပြီးပါမယ်၊ တယ်လီနောကတော့ ၃ ခုရှိပါတယ်၊ ၃ ခုစလုံးက ၂ဝ၁၆ ဒီဇင်ဘာလကုန်မှာ ပြီးပါမယ်၊ အော်ရီဒူးကလည်း ၃ ခုရှိပါတယ်၊ အဲ့ဒီ ၃ ခုကလည်းပဲ ၂ဝ၁၆ ဒီဇင်ဘာလကုန်မှာပြီးပါမယ်၊ ကျနော်တို့အနေနဲ့ကတော့ ဝေလံခေါင်ပါးတဲ့ ဒေသတွေမှာတော့ တက်နိုင်သမျှ နယ်စပ်ဒေသတွေကို ဆက်သွယ်မှုရရှိအောင် ကြိုးစားဆောင်ရွက် တိုက်တွန်းလျှက်ရှိပါတယ်"
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ နယ်စပ်ဒေသတွေမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ တိုးတက်ဖို့ ကြိုးစားလုပ်ဆောင်နေကြာင်းနဲ့ တာဝါတိုင်တွေဆောက်လုပ်ဖို့အတွက် မြေနေရာ အခက်အခဲ ရှိကြောင်းလည်း ဝန်ကြီးဦးသန့်စင်မောင်က ပြောပါတယ်။
ပလက်ဝမြို့မှာ အခုအချိန်အထိ မြို့တွင်းဆက်သွယ်ဖို့ အော်တိုကြိုးဖုန်းလိုင်နဲ့ CDMA 450 MHz တယ်လီဖုန်းလိုင်း သာရှိတဲ့အတွက် အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် ဆက်သွယ်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်က တင်ပြခဲ့ပါတယ်။
ပလက်ဝမြို့နယ်မှာ လူဦးရေ ၉ သောင်းကျော် နေထိုင်ပြီး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံးမြို့နယ် ဖြစ်ပါတယ်။