ကြံစိုက်ခင်းမြေဧက ၅၀၀၀ ကျွန်းပင်စိုက်ဖို့ သိမ်းယူ
2013.10.31
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဒေသခံတွေရဲ့ မြေတွေသိမ်းပြီး နိုင်ငံတော်ကျွန်းစိုက်ခင်းအဖြစ် ပြောင်းလဲခဲ့တဲ့ကိစ္စအတွက် ရွှေခြင်္သေ့တောင်သူလယ်သမားကွန်ရက်က ကမကထပြုပြီး၊ လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ဆွေးနွေးပွဲကို ရွှေခြင်္သေ့ ဘုန်းကြီးကျောင်းမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုခရိုင် မြို့နယ် ၈ ခုက လယ်သမား ၂၀၀ ကျော်တက်ရောက်ပြီး အကြောင်းအရာ ၄ ရပ် ဆွေးနွေးကြတယ်လို့ အဲဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်သူလယ်သမားရေးရာ ကော်မတီဝင် မနုနုအောင်က ပြောပါတယ်။
“ဒီနေ့လုပ်တဲ့ ရွှေဘိုခရိုင်လုံးဆိုင်ရာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ လယ်သမားက ကန့်ဘလူ၊ ဒီပဲယင်း၊ ခင်ဦးပေါ့နော်၊ ရွှေဘုံခရိုင်ထဲက မြို့နယ် ၈ ခုတက်တယ်၊ လယ်သမားဦးရေ ၂ဝဝ နီးပါးလောက်ရှိမယ်၊ ဆွေးနွေးတဲ့အကြောင်းအရာ အဓိကကတော့ လယ်ယာမြေ သိမ်းဆည်းတဲ့ကိစ္စရယ်၊ ဆည်မြောင်းတာတမံတွေကိစ္စရယ်၊ အုပ်ချုပ်ရေးမှုပြဿနာ၊ နောက်ချေးငွေကိစ္စ”
မူလက ကြံစိုက်နေတဲ့ အဲဒီယာမြေတွေကို သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး ၂၀၁၁ ခုနှစ်မှာသိမ်းပြီး နိုင်ငံတော်ကျွန်းစိုက်ခင်းအဖြစ် ပြောင်းလဲခဲ့တယ်လို့ တောင်သူတွေကပြောပါတယ်။ အသိမ်းခံရတဲ့ မြေဧက စုစုပေါင်း ၅ ထောင်ကျော်ရှိပြီး၊ အဲဒီအတွက် အစားထိုးမြေပြန်ပေးမယ်ဆိုပေမယ့် အခုချိန်ထိ ဘာတစ်ခုမှ ဆောင်ရွက်မပေးသေးဘူးလို့ ဧကတစ်ရာနီးပါးအသိမ်းခံထားရတဲ့ ဒေါ်တင်ရွှေက ပြောပါတယ်။
အဲဒီမြေတွေကို အာဏာပိုင်ကသိမ်းပြီးတဲ့နောက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်ချပေးပြီး ကျွန်းပင်တွေစိုက်ခိုင်းခဲ့ရာမှာ အပင်ဖြစ်ထွန်းမှုလည်းမရှိတဲ့အတွက် အခုတစ်ခါအစားထိုးထပ်စိုက်ဖို့ ပြင်ဆင်နေပြီး၊ တောင်သူတွေအနေနဲ့ သူတို့ကို အစားထိုးမြေပြန်မပေးမချင်း ကျွန်းပြန်စိုက်ခွင့်မပေး နိုင်ဘူးလို့ ဒေါ်တင်ရွှေကပြောပါတယ်။