AA လို့ယူဆရသူ ရှစ်ဦးကို ကျောက်တော်မြို့မရဲစခန်းမှာ စစ်ဆေးနေ


2019.06.23
kyauktaw-622.jpg ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

AA တပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့သူ အမျိုးသား ရှစ်ဦးကို ဇွန်လ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးမှာ တပ်မတော်က ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ် ပြန်ပါတယ်။

မကျားဆည်ရွာ၊ ဗူးရွက်မညိုးရွာ၊ အုတ်ဖိုကန်ရွာနဲ့ ဒုံးသိမ်ရွာတို့က တစ်ဦးစီ၊ ပေါက်တောပြင်ရွာက လေးဦး စုစုပေါင်း ရှစ်ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ကျောက်တော်မြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းနေ တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဇွန် ၂၁ ရက်ကလည်း ပေါက်တောပြင်ရွာ သင်းကျစ်တောင်ဘုရားကုန်းပေါ်မှာ လက်လုပ်သေနတ်၊ ခဲယမ်း၊ မိုင်းတွေနဲ့အတူ ဆက်စပ်ပစ္စည်းတွေ၊ ယူနီဖောင်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ WFP တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာပစ္စည်းတွေ၊ အခြားစားသောက်ကုန်ပစ္စည်းတွေနဲ့ ဆေးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

AA အဖွဲ့ဟာ ဒေသခံတွေကို လူသားတံတိုင်းအကာအကွယ်ယူ တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်နေတယ်ပြီး ဘုန်းကြီးကျောင်းကဲ့သို့ သာသနိက အဆောက်အဦးတွေကိုလည်း အသုံးချလာတာကို တွေ့ရှိရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ အရင်တုန်းကရှိတဲ့ဟာက ကျောက်တော်ရဲစခန်းမှာ ရှစ်ယောက်ကပို့ထားတာ၊ ၂၅ ယောက်ကလည်း ကျောက်တော်ရဲစခန်းမှာပဲ ထုတ်ပြန်ထားပါတယ်ခင်ဗျ၊ AA အနေနဲ့ကတော့ လူသားတံတိုင်းသဖွယ် အသုံးပြုပြီးတော့ အကာအကွယ်ယူ ဆောင်ရွက်နေတယ်၊ ခုနောက်ပိုင်းက သာသနိကအဆောက်အဦး ဘုန်းကြီးကျောင်းတွေကို အဲဒီပုံစံမျိုးဆောင်ရွက်နေတယ်၊ မနေ့က ရပ်မိရပ်ဖတွေနဲ့ သင်းကျစ်တောင် ဘုန်းကြီးကျောင်းမှာ လုပ်သေနတ်တွေတွေ့တယ်၊ စစ်ဝတ်စုံတွေ၊ စစ်ပစ္စည်းတွေ ဖမ်းဆီးရမိတာရှိတယ်၊ ပြီးရင်မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတာရှိပါတယ်ခင်ဗျ"

တပ်မတော်က ဖမ်းဆီးထားသူ ရှစ်ဦးဟာ အများစုက ရခိုင်တိုင်းရင်းသားတွေဖြစ်ကြတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ အဲဒီသူတွေဟာ သာမန်အရပ်သားတွေဖြစ်ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ဖက်က အခုလိုစွပ်စွဲတာကို AA ပြောခွင့်ရသူ ခိုင်သုခက အခုလို ပြန်လည်တုံ့ပြန်ပြောပါတယ်။

"AA ကနေပြီးတော့ အဲဒီလိုမျိုး လုပ်သေနတ်တွေကိုင်ပြီး သူတို့ကိုတိုက်မလား၊ ဒီဟာတွေက သူတို့ဖက်က လုပ်ကြံပြီးတော့ပြနေတာ၊ အဲဒီလိုမျိုး သာသနိကအဆောက်အဦးတွေကို အကာအကွယ်ယူပြီး တိုက်တာတစ်ခုမှမရှိဘူး၊ အဲဒါက မြန်မာစစ်တပ်ဖက်ကနေပြီးတော့ နိုင်ငံတကာမှာ ကျွန်တော်တို့ အဖွဲ့အစည်းအပေါ်မှာ အထင်အမြင်လွဲလာအောင်လုပ်တာ၊ လူသားတိုင်းကာလုပ်တယ်ဆိုတာက သူတို့ပြောင်းပြန်ပြောနေတာ၊ တစ်ကယ်လုပ်နေတာက မြန်မာစစ်တပ်ဖက်က လုပ်နေတာဖြစ်တယ်၊ သိပ်မကြာခင် နှစ်ရက်လောက်က ပေါက်တောပြင်ရွာသား ၂၀ ကျော်ကို ဖမ်းပြီးတော့မှ သူတို့ဘေးက တောင်တွေကိုနေပြီးတော့ ရွာသားတွေရှေ့တန်းက တင်လာတာရှိတယ်၊ စစ်သားပီသဖို့ လိုတာပေါ့ဗျာနော်"

လတ်တလောရခိုင်ပြည်နယ်ထဲမှာ တပ်မတော်ဖက်က AA နဲ့ ပတ်သက်တယ်လို့ ယူဆသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပြီး တချို့လည်း စစ်ဆေးနေစဉ်မှာ သေဆုံးခဲ့ရတာတွေ၊ ဒဏ်ရာရခဲ့သူတွေလည်း ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

အခုလို ဖမ်းဆီးခံရသူတွေထဲက သေဆုံးခဲ့သူတွေကို သက်ဆိုင်ရာမိသားစုဝင်တွေကို သြင်္ဂိုဟ်ခွင့်တောင် မပေးခဲ့တာတွေဟာ လူ့အခွင့်အရေး ထိခိုက်နေရတယ်လို့လည်း ပြောကြပါတယ်။

"မိသားစုဝင်တွေက သူတို့မောင်ဖွားတွေက သူတို့ဦးလေးတွေက ဝေသာလီကျေးရွာ ဘုရားကြီး ဘုရားမှာ ပန်းရန်လုပ်နေတဲ့သူတွေပါလို့ ပြောပါတယ်၊ နောက် လေးယောက်ကလည်း ဘုရားကြီး ကျေးရွာနဲ့ တစ်အုပ်စုတည်းဖြစ်တဲ့ ပေါက်တောပြင်ကျေးရွာက ကျောက်တူးသမားတွေပါလို့ ရွာခံတွေက ပြောပါတယ်။ သူတို့က ရပ်သူရွာသားတွေဖြစ်နေတယ်၊ အမှန်တစ်ကယ် မိမိဝမ်းစာရေးအတွက် လှုပ်ရှားရုန်းကန်နေတဲ့သူတွေဆိုရင် လွှတ်ပေးသင့်တယ်၊ ဖမ်းဆီးသွားတဲ့သူတွေ တချို့ဟာ စစ်ကြောရေးမှာတင် သေသွားတယ်၊ အလောင်းတွေကို မိသားစုဝင်တွေကိုယ်တိုင်တောင် သဂြိၤုဟ်ခွင့်မရဘူး၊ လူမျိုးတိုင်းမှာ ဓလေ့ထုံးတမ်းစဉ်လာရှိပါတယ်၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို မလုပ်လိုက်ရဘူးဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်ရာကျတယ်လို့ ပြောချင်တယ်"

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် ပြောသွားတာပါ။

AA နဲ့ ပတ်သက်တယ်ဆိုပြီး လက်ရှိစစ်ဆေးနေသူတွေထဲက တစ်ကယ်မသက်ဆိုင်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးဖို့တောင်းဆိုလိုတယ်လို့ ဦးထွန်းသာစိန် က ပြောပါတယ်။

AA တပ်တော်နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူတွေကို တပ်မတော်က ဖမ်းဆီးခဲ့သူ အယောက် ၉၀ ကျော်ရှိခဲ့ပြီး လက်တလော စစ်ဆေးနေဆဲက ၃၆ ယောက်၊ ပြန်လွှတ်တာ ရှစ်ယောက်၊ အမှုဖွင့်အရေးယူထားသူ ၄၅ ယောက်၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးယောက်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။