ဆင်သီရွာသား နှစ်ဦးကို တပ်မတော်က ခေါ်ဆောင်သွား
2019.06.01
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာက ဒေသခံ နှစ်ဦးကို တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း ဒေသခံတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
ဆင်သီကျေးရွာကို တပ်မတော်စစ်ကြောင်းက ဇွန် ၁ ရက်နေ့ မနက်မှာ ရောက်ရှိလာပြီး ရွာသူ၊ ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ပြီး ကျေးရွာ ရာအိမ်မှူး နှစ်ဦးဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် ဦးစံသိန်းလှ၊ အသက် ၄၆ နှစ်အရွယ် ဦးအောင်စံလှိုင်တို့ နှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတာဖြစ်ကြောင်း ဦးခင်မောင်လတ်က RFA ကို ပြောပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်းသွားတာမရှိကြောင်းနဲ့ ဆင်သီကျေးရွာသား နှစ်ဦးကို ဆက်လက် စစ်ဆေးမေးမြန်ဖို့ လိုအပ်တာကြောင့် ခေါ်ဆောင်သွားတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
အဲ့ဒီတပ်မတော် စစ်ကြောင်းဟာ မေ ၃၁ ရက်နေ့ကလည်း ဆင်သီကျေးရွာအနီးက သြရမရွာမှာ စခန်းချပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ကြောင်းလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
ဆင်သီကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မိုင် ၂၀ လောက် ဝေးတဲ့နေရာမှာရှိပြီး သွားလာရေးနဲ့ ဆက်သွယ်ရေးခက်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။
အဲဒီကျေးရွာအနီးက သြရမတောင်တန်းမှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်လောက်ရှိနေပြီလို့လည်း ဒေသခံတွေက ပြောကြပါတယ်။