အစိုးရရဲ့ ဆောင်ရွက်မှု သံဃာတွေ စောင့်ကြည့်သွားမည်
2012.12.16

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့တောင်းဆိုချက်(၃)ချက်ထဲက ပထမဆုံးအချက်ကိုပဲ လိုက်လျောမှုရသေးတာဖြစ်ကြောင်း၊ ကျန်နှစ်ချက်ဖြစ်တဲ့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးရေးနဲ့ လက်ပန်းတောင်းတောင်အရေးကြောင့် ဖမ်းဆီခံရသူတွေကိုခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့ တောင်းဆိုချက်တွေအပေါ် စုံစမ်းရေးကော်မရှင်ရဲ့လုပ်ဆောင်ချက်နဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သံဃာတော်တွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင်သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာ ဝန်းရံလိုက်ပါခဲ့လို့ အဖမ်းခံရသူ(၄)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲကို ဂဠုန်နီဆရာတော်ဦးကာဝိယ၊ ဘဝအလင်းဆရာတော်တွေဖြစ်တဲ့ ဦးသောဘိတ၊ ဦးဥတ္တမသာရ အပါအဝင်ဦးဆောင်ဆရာတော်(၁၂)ပါး၊ အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တွေတက်ရောက်ကြပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်က တရားမျှတမှု မရှိတဲ့ပုဒ်မ(၁၈)ကိုပြင်ပေးရေး၊ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တခြားအဖွဲ့အစည်းတွေက ရဲဘော်တွေကို ချက်ခြင်းလွှတ်ပေးရေး၊ တရားမဲ့ဖမ်းဆီးမှုနဲ့ ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျူးလွန်ရေး၊ စီတန်းလှည်လည်မှုကြောင့် တရားစွဲခံရသူတွေ၊ တိမ်းရှောင်နေသူတွေအပေါ် တရားစွဲထားတာတွေကို အမှုပိတ်သိမ်းပေးရေးအချက်တွေပါဝင်တဲ့ သဘောထားကြေငြာချက်ကိုလည်း ဒီကနေ့ ဖြန့်ဝေခဲ့ပါတယ်။
အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်အနေနဲ့ စီတန်းလှည့်လည်မှုဥပဒေ ပုဒ်မ (၁၈) ကို လုံးဝဖျက်သိမ်းတဲ့အထိ ဆက်လက်တိုက်ပွဲဝင် သွားကြမယ်လို့လည်း သိရပါတယ်။