ဌာနပိုင်မြေပေါ်မှ ဆိုင်ခန်း ၂၀ သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှား
2016.08.14

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်း မီးပွိုင့်ထောင့်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပိုင်မြေပေါ် မှာ ဆောက်လုပ်ထားတဲ့ ဆိုင်ခန်း ၂၀ ကို ဒီနေ့မနက်က စည်ပင်နဲ့ ရဲဝန်ထမ်း ၂၀၀ လောက်နဲ့ ဖယ်ရှားလိုက်ပါတယ်။
အစိုးရပိုင်မြေဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ဖယ်ရှားတာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး က ပြောပါတယ်။
"အစိုးရမြေနေရာဖြစ်တဲ့အတွက် ကျနော်တို့က ဒါကိုဖယ်ခိုင်းတာ၊ ဖယ်ခိုင်းတာလည်း ကျနော်တို့က ၂ဝ၁၃ ခုနှစ်ကတည်းက မြေခငှားခပေါ့နော် မယူတော့ဘူး၊ အခုဆိုရင် လပေါင်း ၄ဝ ကြာသွားတာပေါ့၊ လပေါင်း ၄ဝ အထိ ကျနော်တို့ အချိန်တွေပေးခဲ့တာပေါ့၊ အချိန်တွေပေးခဲ့ပြီးတော့ကျမှ အခုလို ဥပဒေအရဆောင် ရွက်တာ"
ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ အခုလို အင်အားသုံးပြီး ဖယ်ရှားမယ့် အကြောင်းကိုလည်း ဆိုင်ရှင်တွေကို တစ်ပတ်ကြိုပြီး အကြောင်းကြားထားတယ်လို့ ပြောပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့ ဆိုင်ခန်းတွေဟာ ဝန်ကြီးဌာနပိုင်မြေကို ငှားရမ်းထားတာ နှစ်ပေါင်း ၂၀ လောက် ရှိနေပြီဖြစ်ပြီး အခိုင်အခံ့ဆောက်လုပ်ထားတဲ့ စားသောက်ဆိုင်၊ စက်ချုပ်ဆိုင်၊ ဂက်စ်မီးဖိုအရောင်းဆိုင်တွေ ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်ကျော်ကတည်းက အဲဒီဆိုင်တွေဆီကနေ ဝန်ကြီးဌာနက မြေငှားခ မကောက်ခံတာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။
အခုလို အင်အားသုံးပြီးဖယ်ရှားခံရတဲ့ကိစ္စကို ဆန္ဒပြဖို့အတွက် ဆိုင်ခန်းရှင်တွေက ခွင့်ပြုမိန့်တင်ထားပါတယ်။