Good Morning ပေါင်မုန့်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


2017.03.09
goodmorning-workers-620.jpg လှိုင်သာယာ စက်မှုဇုန် (၄) Myanmar Mayson Industry Co.ltd စက်ရုံအလုပ်သမားတွေ ဆန္ဒပြနေကြစဉ်
Photo : Zaw Lin Khine

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ Good Morning အမှတ်တံဆိပ် ပေါင်မုန့်နဲ့ ကိတ်မုန့်ထုတ်လုပ်တဲ့ Myanmar Mayson Industry Co.ltd က စက်ရုံလုပ်သား ၂၀၀ နီးပါးကို မနေ့က အလုပ်ရှင်က အလုပ်ရပ်နားတဲ့အပေါ် မကျေနပ်တာကြောင့် အလုပ်သမား ၄၀၀ ခန့်က ဒီနေ့ စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

ကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် Auto Machine တွေအသုံးပြုတော့မှာ ဖြစ်တာကြောင့် အလုပ်သမားတွေကို အလုပ်ရပ်နားတာ ဖြစ်တယ်လို့သိရကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ Myanmar Mayson အခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဌ ကိုဇော်လင်းခိုင်က ပြောပါတယ်။

"စက်ရုံအခြေအနေအရ လောလောဆယ်က စက်ရုံက ၃ ရုံဆိုတော့ ကျန်တဲ့ ၂ ရုံမှာက auto machine တွေ တပ်ပြီးလည်တာကိုး။ လည်တော့ ကျနော်တို့ဆီက manual နဲ့သွားနေတဲ့ လက်နဲ့လုပ်တဲ့ လူအကုန်လုံးကို auto machine ပြောင်းတယ်ဆိုတဲ့ အကြောင်းပြချက်ပြပြီးတော့ ဖြုတ်တာပဲ။ ချက်ခြင်းပြောပြီး ချက်ခြင်း ထုတ်တာပဲဗျ။ ကျန်တာဘာမှ အစီစဉ်မရှိပါဘူး။ ဥပဒေပါအတိုင်း ကျနော်တို့ ညှိနှိုင်းဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ အလုပ်ရှင်က လုံးဝလက်မခံဘဲ ကျနော်တို့ကို ဥပဒေဘောင်ကျော်ပြီး သူတို့ဘက်က စလုပ်ခဲ့တာပဲ"

အလုပ်ရှင်ဘက်က နစ်နာကြေးပေးမယ်လို့ ပြောပေမယ့် အလုပ်သမားတွေက နစ်နာကြေးရယူလိုတာ မဟုတ်ဘဲ လုပ်ငန်းခွင်တည်မြဲရေးအတွက်ကိုသာ အဓိကထား တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

စက်ပစ္စည်းတွေတိုးလိုက်တာကြောင့် အလုပ်သမားတွေလျော့လိုက်တာဖြစ်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ပေးသွား မှာ ဖြစ်တယ်လို့ Myanmar Mayson Industry Co.ltd ရဲ့ လက်ထောက်အထွေထွေမန်နေဂျာ ဦးဆန်းလင်း က ပြောပါတယ်။

"ကျနော်တို့ အော်ပရေးရှင်းနဲ့ပဲဆိုင်တယ်။ ကျနော်တို့က မုန့်လုပ်ငန်းဖြစ်တော့ စက်နဲ့လုပ်တာ။ စက်တွေ တိုး လိုက်တဲ့အတွက် ကျနော်တို့က လူအင်အားလျော့သွားတာ။ အများကြီး မလျော့ပါဘူး။ ၁၈၄ ယောက်ပါ အမှန်တော့ ကျနော်တို့က အဲစက်ရုံက ၉၀၀ ကျော်ရှိတဲ့အနက်မှ ၁၈၉ ယောက်ပဲ လျော့တာပါ။ ဥပဒေပါတဲ့ အတိုင်း ကျနော်တို့ အားလုံးဆောင်ရွက်ပေးမှာပါ"

အလုပ်သမားတွေအနေနဲ့ အခြေခံလစာ တစ်သိန်းရှစ်ထောင်ဝန်းကျင် ရရှိကြတာဖြစ်တဲ့အတွက် နစ်နာကြေး ယူမယ်ဆိုရင် လုပ်သက် ၃ နှစ်ခန့် အလုပ်သမားတွေအနေနဲ့ ၃သိန်းခန့် ရရှိမှာဖြစ်ပြီး လုပ်သက် ၁၉ နှစ်ခန့် အလုပ်သမားတွေအနေနဲ့  ၁၅ သိန်းဝန်းကျင် ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

အလုပ်ရပ်နားခံရတဲ့ အလုပ်သမားတွေထဲမှာ ၁ နှစ်ကနေ ၁၉ နှစ်အထိ လုပ်သက်ရှိတဲ့ အလုပ်သမားတွေပါဝင်ပြီး အစိုးရဘက်က ညှိနှိုင်းပေးတဲ့အထိ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်တယ်လို့ ပြော ပါတယ်။

ဒီနေ့မှာ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းပေမယ့် မပြေလည်ခဲ့ ဘူးလို့လည်း အလုပ်သမားတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။