စက်ရုံအလုပ်သမား ၂၀၀ နီးပါးကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆို
2017.03.25

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် (၄) က Good Morning အမှတ်တံဆိပ် ပေါင်မုန့်နဲ့ ကိတ်မုန့်တွေ ထုတ်လုပ်တဲ့ Myanmar Mayson စက်ရုံမှာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အလုပ်ရပ်နားခံခဲ့ရတဲ့ အလုပ်သမား ၂၀၀ နီးပါးကို ပြန်လည်ခန့်အပ်ပေးဖို့ အလုပ်သမား ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အလုပ်ပြန်ခန့်ဖို့ကို အလုပ်ရှင်ဘက်က ငြင်းဆန်နေတာကြောင့် ထုတ်ပယ်ခံထားရတဲ့ အလုပ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုဇော်လင်းခိုင် က ပြောပါတယ်။
"ဆန္ဒပြရတဲ့အကြောင်းရင်းကတော့ ဒီအလုပ်သမား ၁၈၄ ဦးကို သူတို့က ပြန်ခန့်မပေးနိုင်ဘူုးဆိုပြီးတော့ ခုံသမာဓိမှာလည်း ငြင်းတာကိုး၊ အဲဒီအတွက်ကြောင့် ကျနော်တို့ကတော့ တကယ့်ကိုဒုက္ခရောက်နေတဲ့ ကိုယ်ဝန်ဆောင်သည်တွေနဲ့ မိသားစုတွေနောက်မှာ ရှိနေတဲ့သူတွေကို ဦးစားပေးပြီး အလုပ်ပြန်ခန့် ထားပေးဖို့ရယ်၊ နောက်တစ်ခုက ကျနော်တို့ ဒီမှာ အလုပ်သမားအဖွဲ့အစည်းတွေကို သူတို့က ပြောင်ပြောင် တင်းတင်းကို ဖြိုခွဲနေတယ်ဆိုတာ ထင်ရှားစေတာကိုး၊ အဲဒီကြောင့် ကျနော်တို့က ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲ လုပ်လိုက်တာ"
အလုပ်ထုတ်ခံရသူတွေဟာ ကိတ်မုန့်ပိုင်းမှာ တာဝန်ယူလုပ်ကိုင်ရတာဖြစ်ပြီး ကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် အလိုအလျောက်စက်ပစ္စည်းတွေ အစားထိုးအသုံးပြုတော့မှာ ဖြစ်တာကြောင့် အလုပ်သမားတွေကို ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအလုပ်သမားတွေဟာ အလုပ်ထုတ်ခံရတဲ့အချိန်ကစပြီး ဒီနေ့အထိ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အလုပ်ရပ်နားခံရတဲ့ အလုပ်သမားတွေထဲမှာ ၁ နှစ်ကနေ ၁၉ နှစ်အထိ လုပ်သက်ရှိတဲ့ အလုပ်သမားတွေ ပါဝင်ပြီး ဆန္ဒပြအလုပ်သမားတွေဟာ နှစ်စဉ်ပေးနေကျ အပိုဆုကြေးတွေ ၃ ဆ လောက်ေ လျှာ့ချခံရတာကိုလည်း ကန့်ကွက်ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ထုတ်ပယ်ခံရသူတွေကို အလုပ်ပြန်လည်ခန့်ထားပေးရေး၊ ခွဲခြားဆက်ဆံမှုမရှိရေး၊ အလုပ်သမား အခွင့်အရေးအပြည့်အဝရရှိရေး၊ နှစ်စဉ်အပိုဆုကြေးတွေ ရရှိရေး၊ မတရားအလုပ်ထုတ်တာတွေ ရပ်တန့်ပေးရေး စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။