ပြည်တွင်းရွှေ တစ်ကျပ်သား ၃၉ သိန်းကျော်အထိ စံချိန်တင်မြင့်တက်

RFA Burmese
2024.02.23
ပြည်တွင်းရွှေ တစ်ကျပ်သား ၃၉ သိန်းကျော်အထိ စံချိန်တင်မြင့်တက် ရန်ကုန်မြို့လယ်ရှိ စိန်ရွှေရတနာအရောင်းဆိုင်အချို့အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
RFA

ပြည်တွင်းရွှေဈေးကွက်အတွင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်းမှာ ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်ထိ ဈေးမြင့်တက်နေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရန်ကုန် ရွှေဈေးကွက်ထဲမှာ ဒီနေ့ မွန်းလွဲပိုင်းက ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ဆိုင်ရောင်းဈေး ၃,၉၃၀,၀၀၀ ကျပ်၊ ဆိုင်ပြန်ဝယ်ဈေး ၃,၈၉၀,၀၀၀ ဝန်းကျင်နဲ့ ၁၅ ပဲရည်တစ်ကျပ်သားကို ၃,၇၁၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေတာပါ။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ရွှေဈေးက အမြင့်ဆုံး ကျပ် ၃၉ သိန်းနဲ့ ဈေးငြိမ်နေခဲ့ရာကနေ မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အတက်ဘက်ကို ပြန်ဦးတည်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အတွင်း ရွှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရှေ့ရက်တွေက တောက်လျှောက် ၃၉ သိန်းပတ်ချာလည်နဲ့ ငြိမ်နေတာ။ မနေ့ကစပြီး ဈေးပြန် ထိုးတက် လာတာပေါ့။ အခုက နိုင်ငံရေးအခြေအနေနဲ့ လူတွေရဲ့ စိုးရိမ်စိတ်နဲ့ ဝယ်တာများလာတာလည်းပါတယ်။ အိမ်ခြံမြေဘက်မတိုးနိုင်တော့ ငွေကြေးတန်ဖိုးထိန်းဖို့ ရွှေဘက်ကို လူတွေက အာရုံထားနေကြတော့ ဈေးက အတက်ပဲ ဖြစ်နေတာ”

ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလ ၁၇ ရက်ကစပြီး ရွှေဈေးက ကျပ် ၃၉ သိန်းနဲ့ ဈေးငြိမ်နေခဲ့ရာကနေ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကျပ်တစ်သောင်းခွဲ စမြင့်တက်ခဲ့တာလို့ ဆိုပါတယ်။ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေပေမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တစ်အောင်စ ၂၀၃၁ ဒေါ်လာကျော်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ဒီနေ့မှာ ၂၀၂၀ ဒေါ်လာကျော်သာရှိခဲ့ပြီး ၁၁ ဒေါ်လာကျော် ဈေးနှုန်းကျဆင်းနေပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ဖော်ဖော်ဝါရီလ ၂၃ ရက် ဒီနေ့ထုတ်ပြန်ထားတဲ့ ရည်ညွှန်း ဈေးက ရွှေတစ်ကျပ်သားဈေးနှုန်း ကျပ် သုံးဆယ့်ခြောက်သိန်းကျော် (၃,၆၃၉,၆၀၀ ကျပ်) သာရှိနေပေမယ့် ဈေးကွက်ထဲမှာတော့ ၃၉ သိန်းကျော်နဲ့ အရောင်းအဝယ်ဖြစ်နေတာလို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတော့ ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ တစ်ဒေါ်လာကို ၁၃၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ရွှေဈေးနှုန်း သုံးဆထိမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။