ရွှေတူးလို့ မြစ်ရေညစ်ညမ်းဆဲ
2011.10.21

RFA
ခါကာဘို သတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက်နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့ရဲ့ အကျိုးတူ ရွှေဖက်စပ် တူးဖော်ရေး လုပ်ငန်းက ရွှေတူးဖော်နေတာလို့ KDNG ပြောခွင့်ရသူ မအာနန်းက ပြောပါတယ်။
“ရွှေရှာတဲ့ အချိန်မှာ သုံးတဲ့ ပြဒါးနဲ့ တခြား ဓာတုဆေးတွေက ရေထဲမှာ ပျော်ဝင်သွားတဲ့ အတွက် အဆိပ်က ဘယ်တော့မှ ပြေပျောက်သွားမှာ မဟုတ်ဘူး။ ရေထဲက သတ္တဝါတွေ ရေကိုသုံးတဲ့ လူတွေအတွက်လည်း အန္တရာယ်များပါတယ်။ မြစ်အောက်ပိုင်းကလူတွေအတွက်လည်း ဆိုးကျိုးတွေ ဖြစ်လာမယ်။ ကျမတို့ကတော့ မျက်မြင်ကိုယ်တွေ့ပါပဲ။ မြစ်ဆုံရေက အရင်က ကြည်လင်ပါတယ်။ အခုဆို မြစ်ဆုံ ဧရာဝတီရေဟာ အနီရောင်သန်းနေပြီး ညစ်နွမ်းနေပါပြီ”
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ဖော်ဆောင်နေတဲ့ မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ အုပ်စုမှာ တရားဝင် ရွှေသတ္တု တူးဖော်ခွင့်ရရှိထားတဲ့ ခါကာဘို ကုမ္ပဏီကလွဲပြီး ဒီတန်ဖရဲ မြစ်ဆုံဒေသမှာ ရွှေသတ္တုတူးဖော်နေသူတွေ၊ နေထိုင်နေသူတွေ၊ လူနေ အဆောက်အအုံတွေ၊ ဈေးဆိုင်တန်းတွေဟာ သတ်မှတ်ထားတဲ့ လုပ်ငန်းခွင် နယ်နိမိတ် အတွင်းက အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား ထွက်ခွာရမှာဖြစ်ပြီး မထွက်ခွာရင် တည်ဆဲ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်လို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်က အောက်တိုဘာ ၅ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထားတဲ့ ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ထား ပါတယ်။
“ဒေသခံပြည်သူလူထုတွေကို ပြောင်းခိုင်းနေတာ ကြာပြီ၊ လူထုတွေက မပြောင်းကြဘူး။ မြစ်ဆုံရေကာတာကို ရပ်ဆိုင်းလိုက်ပြီဆိုပေမယ့် တကယ်တန်းကျတော့ ဒီမှာ ရှိနေတဲ့ အခြေအနေက ပိုပြီးတော့ ဆိုးနေတယ်။ ရေကာတာ တခုတည်းကြောင့် ဧရာဝတီ ပျက်စီး ထိခိုက်တာမဟုတ်ဘူး။ ဒီမှာက ရွှေရှာ သတ္တုရှာတွေကြောင့် ဧရာဝတီက အရမ်းကို ထိခိုက်နေပြီ”
ပြည်သူလူထုရဲ့ဆန္ဒကြောင့်ဆိုပြီး မြစ်ဆုံ ရေကာတာစီမံကိန်း ဆိုင်းငံ့ထားမယ်လို့ ကြေညာပြီး နောက်ပိုင်းမှာ ရေကာတာစီမံကိန်းနဲ့ အကျုံးဝင်တဲ့နေရာမှာ ရွှေ အကြီးအကျယ် တူးဖော်ဖို့ ဒေသခံတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းဖို့ အမိန့် ထုတ်ပြန်တယ်လို့လည်း KDNG က ကြေညာချက်မှာ ဖော်ပြထားပါတယ်။