ဂန့်ဂေါမြို့နယ် ရွှေဘိုရွာသားငါးဦး မီးရှို့ခံရပြီး နှစ်ဦးသေနတ်နဲ့ ပစ်သတ်ခံရ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာထဲကို ဖေဖော်ဝါရီ ၂၈ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် ရွာသားငါးဦး မီးရှို့အသတ်ခံရပြီး နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ရွှေဘို ရွာသားတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၇ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ဝန်းကျင်နဲ့ ပျူစောထီးတွေ ရောက်လာပြီးနောက် ရွာသားတွေ အသတ်ခံကြရတာလို့ ရွှေဘိုရွာသား တစ်ဦးက ပြောပါတယ်။
" မြောင်ခင်ရမ်း ဘူတာလမ်းကနေ စစ်ကြောင်း ဝင်လာတယ်။ ရွှေဘိုရွာသစ် အနောက်ရွာနဲ့ ရွှေဘို ရွာကြားမှာ နေတဲ့ ကလေး ငါးယောက်ကို ပဲရိုးပုံပေါ်မှာ အရှင်လတ်လတ် မီးရှို့သတ်သွားတယ်"
မီးရှို့အသတ်ခံရသူတွေက ကိုငြိမ်းချမ်းမောင်၊ ကိုဝေယံဦး၊ ကိုဇင်မင်းထွဋ် (ခေါ်) ပြာတာမောင်၊ ကိုလှစိုး နဲ့ ကိုသားညီ တို့ဖြစ်ကြပြီး သူတို့ အားလုံးဟာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက အတည်ပြုပြောပါတယ်။
နောက်ထပ်ရွာသား နှစ်ဦးဖြစ်တဲ့ ကိုဝင်းစိုးနဲ့ ကိုထွန်းဇော်ကိုတော့ စစ်ကောင်စီ တပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ရွာထဲက နေအိမ် ၂၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။
ရေသာ၊ ရွှေဘိုနဲ့ သင်တောရွာတွေဟာ ရွာချင်းထိစပ်နေပြီး သင်တောရွာဆိုရင် အိမ်ခြေ ၂ဝဝ ဝန်းကျင်ရှိရာမှာ မီးရှို့ခံရလို့ နေအိမ် ၁၅ လုံး သာ ကျန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ်လ ၁ ရက် ဒီနေ့မနက်ပိုင်းအထိ ရွှေဘိုရွာထဲမှာ စစ်ကောင်စီအဖွဲ့ဝင်တွေက Faw ကား သုံးစီး၊ ကားအသေး တစ်စီးနဲ့ ရောက်နေပြီး သက်ကြီးရွယ်အိုက လွဲလို့ ရွာသားအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။