ကျောက်ဖြူက တရုတ်စီမံကိန်းတွေရဲ့အနာဂတ် AA လက်ထဲရောက်နေကြောင်း AOW ပြော

RFA Burmese
2025.04.23
ကျောက်ဖြူက တရုတ်စီမံကိန်းတွေရဲ့အနာဂတ် AA လက်ထဲရောက်နေကြောင်း AOW ပြော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်က တရုတ်ရေနံသိုလှောင်ကန်တွေကို ၂၀၁၇ ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော်(AA) ရဲ့ လက်ထဲကိုရောက်ရှိနေကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AWO) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ဝေတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ကျောက်ဖြူမြို့နယ်ကို ၂၀၂၄ အစောပိုင်းမှာ ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်စုပေါင်း ၅၄ ခုအနက် ၅၀ ကို ထိန်းချုပ်ထားသလို မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ဖို့ စစ်ရေးအင်အား အပြည့်ရှိနေတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒါပေမဲ့ ၂၀၂၄ အောက်တိုဘာလအထိ စစ်ကောင်စီတပ်အခြေစိုက်စခန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဧရိယာတွေကို ဝင်ရောက်တိုက်ခိုက်တာမရှိခဲ့ပေမဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာ ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီ တပ်လုံခြုံရေးကင်းလှည့်တဲ့အဖွဲ့ကို AA က စတင်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ စတင်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ပြန်လည်ထိုးစစ်ဆင်ပြီးနောက် အနီးအနားကျေးရွာသုံးရွာက အိမ်ခြေ ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်က ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်တာကြောင့် စီမံကိန်းတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ တရုတ်စီမံကိန်းတွေအပါအဝင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကုမ္ပဏီတွေအနေနဲ့ AA နဲ့ ဆွေးနွေးတာ၊ ပူးပေါင်းတာတွေမရှိရင် စီမံကိန်းတွေကို အဆင်ပြေချောမွေ့အောင်လည်ပတ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

တိုက်ပွဲတွေရှိနေပေမဲ့လည်း တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့နဲ့ ရေနံတင်ပို့မှုတွေကတော့ ဒီနေ့အထိ အတားအဆီးမရှိ ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကိုဘက်လိုက်မှုတွေကို ပိုမိုလုပ်ဆောင်တာ၊ ပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့နေတာရဲ့ တန်ပြန်သက်ရောက်မှုတွေ အဖြစ် ရေနံနဲ့သဘာဝဓာတ်ငွေ့တင်ပို့မှုတွေကို ရပ်တန့်သွားစေနိုင်သလို ရခိုင်ပြည်နယ်က ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ထိခိုက်သွားစေနိုင်တာကို သတိပြုသင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီကတော့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကို ဆက်လက်ထိန်းချုပ်ထားပါတယ်။

ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) အဖွဲ့ဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်တည်ထောင်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကိုစောင့်ကြည့်လေ့လာနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။