HIV/AIDS ဝေဒနာရှင်များအတွက် နယူးယောက်နှင့် ရန်ကုန်တွင် လှူဒါန်းအားပေး
2010.12.06

ရန်ပုံငွေရှာပွဲမှာ စတုဒီသာ ရောင်းချ အလှူခံရုံသာမက တေးဂီတ ဖျော်ဖြေပွဲလည်း ပါဝင်ခဲ့ရာမှာ မြန်မာနိုင်ငံက လာရောက်တဲ့ အဆိုတော် (ရောသမမွှေ) သားစိုးလည်း ပါဝင် ဖျော်ဖြေခဲ့ပါတယ်။
မြန်မာနိုင်ငံက (HIV/AIDS) ရောဂါဝေဒနာရှင်တွေကို ကူညီချင်တဲ့အတွက် ဒီပွဲကို လာရောက် ကူညီတာ ဖြစ်ကြောင်း အဆိုတော် သားစိုး က RFA ကို ပြောပါတယ် ။
“ဟုတ်ကဲ့၊ အဓိကကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ HIV နဲ့ AIDS ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး ဖျော်ဖြေပေးတာပါ။ ကျွန်တော်တို့ လူသားချင်း စာနာတဲ့အနေနဲ့ ကျွန်တော်တို့ အကုန်လုံးကို ကူညီချင်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ လုပ်တဲ့ ပွဲတခုပါ။ ကျွန်တော် သူတို့ကို ဆက်သွယ်ပြီး သွားရောက် ဖျော်ဖြေပေးတာပါ။ အကူအညီ တခုခု ရအောင်ပေါ့။ ရန်ကုန်မှာလည်း ဒီပွဲတွေ လုပ်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ဒီ မြန်မာနိုင်ငံမှာ ရှိတဲ့ HIV နဲ့ AIDS ဝေဒနာသည်ရှင်တွေက သူများနိုင်ငံနဲ့ မတူဘူးခင်ဗျ။ ပိုပြီးတော့ ခွဲခြား ဆက်ဆံခံရတယ်လို့ ကျွန်တော် စိတ်ထဲမှာ ထင်ပါတယ်။”
အဲဒီပွဲကို သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (IBMO) က ကမကထပြု ကျင်းပခဲ့ပြီး အဖွဲ့အစည်းအသီးသီးက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။
အလားတူ တနင်္ဂနွေ နေ့လည်က ရန်ကုန်မြို့ ပြည်တွင်း သတင်းထောက် လူငယ် အမျိုးသမီး ၊ အမျိုးသား ၂၀ ကျော်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မဖြူဖြူသင်း ဦးစီးပြီး (HIV/AIDS) ဝေဒနာရှင်တွေကို ကူညီ စောင့်ရှောက်ထားတဲ့ ဂေဟာကို သွားရောက်လှူဒါန်း ၊ အားပေး ခဲ့ကြတယ်လို့ သိရပါတယ်။ လှူဒါန်းအားပေးခဲ့တဲ့အတွက် ဝေဒနာရှင်တွေက ပျော်မြူးနေကြတယ်လို့ ကိုယ်တိုင် သွားရောက်လှူဒါန်းရာမှာ ပါဝင်တဲ့ လူငယ်သတင်းထောက် တဦးက ပြောပါတယ်။
“သတင်းသမားတွေ စုစုစည်းစည်းနဲ့ သွားကြတော့ ဒီ လူနာတွေကလည်း သူတို့တွေလည်း ပျော်ကြတာပေါ့နော်။ ပျော်ကြတော့ သူတို့တွေက ဒါ ကူညီဖေးမမှု လိုအပ်နေတဲ့ လူတွေဆိုတော့ ကျွန်တော်တို့တွေ သွားတယ်၊ အားပေးစကားတွေ ပြောတယ်၊ ပြီးတော့ ငွေလှူတယ်ပေါ့နော်။ သူတို့နဲ့ တရင်းတနှီး ကျွန်တော်တို့ ဆက်ဆံ နေထိုင်ခဲ့တယ်ပေါ့နော်။”
လူငယ်သတင်းထောက် တဦးက ပြောပြခဲ့တာ ဖြစ်ပါတယ်။