အလွတ်သတင်းထောက် ကိုမောင်မောင်မျိုး ထောင်ခြောက်နှစ် ချမှတ်ခံရ
2022.07.29
မဲခေါင်သတင်းဌာနအပါအဝင် တခြားသတင်းဌာနတွေမှာ အလွတ် သတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ကိုမောင်မောင်မျိုးကို ဘားအံမြို့နယ် တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ဇူလိုင်လ ၂၉ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်တံတားမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရချိန် ဖုန်းထဲမှာ တွေ့ရှိရတဲ့ ဓာတ်ပုံတွေကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးထောင်ချ ခံခဲ့ရတာလို့ ကိုမောင်မောင်မျိုးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ဖုန်းထဲမှာ လက်နက်နဲ့ ရိုက်ထားတဲ့ပုံတွေ၊ ဖေ့စ်ဘွတ်ခ်မှာ အသရေပျက်အောင် ရေးထားတယ် ဆိုတဲ့ စာသားတွေပေါ့။ အဲဒါတွေ တွေ့ရတယ်ဆိုပြီး သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)နဲ့ အမှုဖွင့်ခံရတာ။ ဒီနေ့ အမိန့်ချတာတော့ ဘားအံ တရားရုံးကနေ အမိန့်ချလိုက်တာ။ လောလောဆယ်တော့ ဘားအံ တောင်ကလေးထောင် ထဲမှာပဲ ရှိပါတယ်”
သူဟာ မေလ ၁၀ ရက် ညနေ ၆ နာရီခန့်က မြဝတီမြို့ကနေ မန္တလေးမြို့ကို ခရီးသည်တင်ယာဉ်နဲ့ အပြန် ဘားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရင်းကနေ အဖမ်းခံခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။
သတင်းထောက် မောင်မောင်မျိုးကို မြန်မာအာဏာပိုင်တွေက ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ် ပေးဖို့နဲ့ သတင်းရေးသားတင်ပြနေကြတဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာတွေ ရပ်ဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အပြင် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ -၁၂၄ နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ပါ အရေးယူခံနေကြရတယ်လို့ ဒီလို အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
မြန်မာသတင်းသမားတွေ ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ သတင်းသမား ပေါင်း ၁၄၀ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၅၅ ဦးက အချုပ်နဲ့ အကျဉ်းထောင် အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံနေကြရဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း မဇ္ဈိမသတင်းဌာနရဲ့ အလွတ်သတင်းထောက် မမေဘယ်လ် (ခ) မညိမ်းညိမ်းအေးဟာ အင်းစိန်ထောင်တွင်း အထူးတရားရုံးတစ်ခုကန အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။