လွိုင်ကော် ကုန်းဆွတ်ရွာမှာ လက်နက်ကြီးကျလို့ ကလေးငယ်အပါဝင် လေးဦးဒဏ်ရာရ

2022.11.04
လွိုင်ကော် ကုန်းဆွတ်ရွာမှာ လက်နက်ကြီးကျလို့ ကလေးငယ်အပါဝင် လေးဦးဒဏ်ရာရ လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရသူများအား ပရဟတိအဖွဲမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ဆေးရုံကို ပို့ဆောင်ပေးနေစဉ်။
ဓာတ်ပုံ - ရွှေလွိုင်ကော် ပရဟိတ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာမှာ နိုဝင်ဘာလ ၄ ရက် ဒီနေ့ မနက် ၁၁ နာရီ ဝန်းကျင်က နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက်နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုန်ဆွတ်ရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီးနဲ့ ရွာထဲကို ပစ်ခတ်ခံခဲ့ရတာလို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်ပိုင်း ကုန်းဆွတ်ရွာနားမှာ နာရီဝက်လောက် တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ပြီးတော့ လက်နက်ကြီး ငါးလုံး လောက်ရွာနားကို ကျလာတယ်။ ရွာထဲနေအိမ်ပေါ်ကျတော့ မိသားစုလိုက် ထိခိုက်ဒဏ်ရာရသွားတာ။ ကလေးငယ်တစ်ယောက်ပါတယ်။ မျက်လုံး ထိတဲ့ တစ်ယောက်ကတော့ မျက်စီပြန်မြင်နိုင်မလားတောင် မသိဘူး”

လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် အသက် ၃၀ အရွယ် ဒေါ်လှရွှေရဲ့ မျက်လုံးမှာ ထိခိုက်ခဲ့ပြီး အသက်နှစ်နှစ်အရွယ် မနနန်းစုဒါလီနှင်းကတော့ ဦးခေါင်းမှာထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၅၄ နှစ်အရွယ် ဒေါ်နန်းမွန်က လည်ပင်းမှာထိခိုက်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဦးဒေးဗစ်က ဦးခေါင်းမှာ ထိမှန်ဒဏ်ရာရထားတဲ့ အတွက် လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ လက်နက်ကြီးကျရောက်မှု အခြေအနေနဲ့ပတ်သက်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

ဒေသခံတွေဘက်ကတော့ ဒီလက်ကန်ကြီးကျည်တွေဟာ လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်တာလို့ ပြောဆိုကြပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်ဦးကို RFA က ဒီနေ့ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတတ်တယ်လို့ ယူဆတဲ့ ကျေးရွာတွေအနီးကို အခုလို လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိသလို စစ်ဆင်ရေးကာလ အတွင်း လူမရောက်နိုင်တဲ့နေရာတွေမှာ ကျည်ရောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့လည်း လက်နက်ကြီးပစ်တာတွေလုပ်လေ့ရှိတယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက RFA ကို ပြောပါတယ်။

အခုလ တစ်ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် လင်ဖုံးကြီးနဲ့ ဝမ်ပန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါဝင် မိသားစု ဝင်လေးဦးထိခိုက်ဒဏ်ရာရ သွားပါတယ်။

ဒေသအတွင်းအရပ်ဘက်အဖွဲ့တွေရဲ့ထုတ်ပြန်ချက်ပေါ်အခြေခံပြီး RFA က လက်လှမ်းမီ သလောက် ပြုစုထားတဲ့ စားရင်းတွေအရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယား ပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလ နှစ်လအတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ကလေးငယ် လေးဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၃၃ ဦးဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။